ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 49:4-18 Judson Bible (BJB)

4. ငါကလည်း၊ အကျိုးမရှိဘဲ ငါလုပ်ဆောင်ရပြီ။ အချည်းနှီးသက်သက် ငါ့ခွန်အားကုန်ရပြီ။ သို့သော်လည်း၊ ငါ့အမှုသည် ထာဝရဘုရားရှေ့တော်၌ရှိ၏။ ငါခံရသော အခလည်း ငါ၏ဘုရားသခင်လက်တော်၌ရှိသည်ဟု ဆို၏။

5. ငါသည် ထာဝရဘုရားရှေ့တော်၌ အသရေ ထင်ရှား၍၊ ငါ၏ဘုရားသခင်သည် ငါ့ကို ခိုင်ခံ့စေတော်မူသည်အကြောင်းနှင့်တကွ၊ ဣသရေလအမျိုးသည် အထံတော်၌ စုဝေးစေခြင်းကို မခံသော်လည်း၊ ငါသည် ယာကုပ်အမျိုးကို အထံတော်သို့ တဖန် ဆောင်ခဲ့ရသော ကျွန်ဖြစ်စေမည်အကြောင်း၊ ငါ့ကို အမိဝမ်းထဲမှစ၍ ဖန်ဆင်းတော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား၊

6. သင်သည် ယာကုပ်၏ အမျိုးအနွယ်တို့ကို ချီးမြှောက်ခြင်း၊ ဘေးလွတ်သော ဣသရေလသားတို့ကို အရင်ကဲ့သို့ ဖြစ်စေခြင်းအလိုငှါသာ၊ ငါ့အမှုကို ဆောင်ရွက်သောအမှုသည် သာမညအမှုဖြစ်၏။ ထိုအမှုမက၊ သင်သည် မြေကြီးစွန်းတိုင်အောင် ငါ၏ ကယ်တင်ခြင်းကို ပြုစိမ့်သောငှါ၊ သင့်ကို တပါးအမျိုးသားတို့ လင်းစရာဘို့ ငါခန့်ထားသည်ဟု မိန့်တော်မူ၏။

7. ဣသရေလအမျိုးကို ရွေးနှုတ်တော်မူ၍၊ ထို အမျိုး၏ သန့်ရှင်းသော ထာဝရဘုရားသည်၊ အဘယ်သူမျှ မနှစ်သက်၊ တပြည်လုံး ရွံရှာဘွယ်ဖြစ်၍၊ မင်းထံ၌ ကျွန်ခံရသောသူအား မိန့်တော်မူသည်ကား၊ သစ္စာရှိတော်မူသော ထာဝရဘုရား၊ သင့်ကို ရွေးကောက်တော်မူသော ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရား၏ ကျေးဇူးတော်ကြောင့်၊ ရှင်ဘုရင်တို့သည် မြင်၍ ထကြလိမ့်မည်။ မင်းသားတို့သည်လည်း ကိုးကွယ်ကြလိမ့်မည်။

8. ထာဝရဘုရား မိန့်တော်မူသည်ကား၊ နှစ်သက်ဘွယ်သော အချိန်၌ သင်၏စကားကို ငါနားထောင်ပြီ။ ကယ်တင်ရာကာလ၌ သင့်ကို မစပြီ။ သင့်ကိုလည်း ငါ စောင့်ရှောက်၍၊ သင်သည် ပြည်တော်ကို ပြုပြင်လျက်၊ ဆိတ်ညံသော အမွေခံရာအရပ်တို့ကို အမွေပေးစေမည်အကြောင်း၊

9. ထွက်ကြလော့ဟု ချုပ်ထားသော သူတို့အား၎င်း၊ ပေါ်လာကြလော့ဟု မှောင်မိုက်ထဲမှာ နေသောသူတို့အား၎င်း ပြောစေမည်အကြောင်း၊ လူမျိုးအား ပဋိညာဉ်တရားကို ပြုစရာဘို့ သင့်ကို ခန့်ထားမည်။ သို့ဖြစ်၍၊ ထိုသူတို့သည် လမ်းခရီးတို့အနားမှာ စားရ၍၊ မြင့်သော အရပ်ရပ်တို့၌ ကျက်စားရာကို တွေ့ရကြလိမ့်မည်။

10. သူတို့သည် ရေစာကို မငတ်မမွတ်ရ။ အပူကိုလည်း မခံရကြ။ နေရောင်ခြည်မထိရ။ အကြောင်းမူကား၊ သူတို့ကို သနားသော သူသည် သူတို့ကို ပို့ဆောင်၍၊ စမ်း ရေတွင်းအနားသို့ လမ်းပြလိမ့်မည်။

11. ငါ၏တောင်ရှိသမျှတို့ကို သွားရာလမ်းဖြစ်စေ မည်။ ငါ၏မြေတန်တားများကိုလည်း ငါဖို့မည်။

12. ကြည့်ရှုလော့။ ဤသူတို့သည် ဝေးသောအရပ်မှ လာကြလိမ့်မည်။ ကြည့်ရှုလော့။ ထိုသူတို့သည် မြောက် မျက်နှာနှင့် အနောက်မျက်နှာမှ၎င်း၊ ထိုသူတို့သည်လည်း၊ သိနိမ်ပြည်မှ၎င်း လာကြလိမ့်မည်ဟု မိန့်တော်မူ၏။

13. အို မိုဃ်းကောင်းကင်တို့၊ သီချင်းဆိုကြလော့။ အိုမြေကြီး၊ ဝမ်းမြောက်ခြင်းရှိလော့။ အိုတောင်များတို့၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိမိလူတို့ကို နှစ်သိမ့်စေတော်မူ၏။ ဆင်းရဲခံရသော မိမိလူတို့ကို ကယ်မသနားတော်မူ၏။

14. ဇိအုန်ကလည်း၊ ထာဝရဘုရားသည် ငါ့ကို စွန့်ပစ်တော်မူပြီ။ ဘုရားရှင်သည် ငါ့ကို မေ့လျော့တော်မူပြီဟု ဆိုလေသော်၊

15. မိန်းမသည် မိမိဘွားသော သားကို မသနားသည်တိုင်အောင်၊ မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း၊ သင့်ကို ငါမမေ့လျော့။

16. ငါသည် ကိုယ်လက်ဝါး၌ သင့်ကို စာထိုးပြီ။ သင်၏ မြို့ရိုးသည် ငါ့ရှေ့မှာ အစဉ်ရှိ၏။

17. သင်၏သားသမီးတို့သည် အလျင်အမြန်ပြုကြလိမ့်မည်။ သင့်ကို လုယူဖျက်ဆီးသော သူတို့သည် သင့်ထံမှ ထွက်သွားကြလိမ့်မည်။

18. အရပ်ရပ်သို့ မျှော်ကြည့်လော့။ ဤသူအပေါင်း တို့သည် စုဝေး၍ သင့်ထံသို့ လာကြ၏။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက် ရှင်သည်ဖြစ်၍၊ သင်သည် တင့်တယ်သော အဝတ်ကို ဝတ်သကဲ့သို့၊ ဤသူ အပေါင်းတို့ကို ဝတ်လိမ့်မည်။ မင်္ဂလာဆောင် သတို့သမီး ပြုသည်နည်းတူတန်ဆာဆင်လိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 49