ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 45:8-21 Judson Bible (BJB)

8. မိုဃ်းကောင်းကင်တို့၊ အထက်မှယိုကြလော့။ မိုဃ်းတိမ်တို့သည် တရားမိုဃ်းရွာကြစေ။ မြေကြီးသည် ပွင့်၍ ကယ်တင်ခြင်းအသီးကို သီးစေ။ ဖြောင့်မတ်ခြင်းတရားသည် တပြိုင်နက်ပေါက်စေ။ ထိုသို့ ငါထာဝရဘုရား ဖန်ဆင်း၏။

9. အကြင်သူသည် မိမိကို ဖန်ဆင်းသောသူနှင့် ဆန့်ကျင်ဘက်ပြု၏၊ ထိုသူသည် အမင်္ဂလာရှိ၏။ မြေအိုး ခြမ်းတို့တွင် အိုးခြမ်းပါတကား။ အိုးမြေက၊ သင်သည် အဘယ်သို့သောအရာကို လုပ်သနည်းဟု အိုးထိန်း သမားကို ဆိုရမည်လော။ ငါ့ကို လုပ်သောသူ၌ လက်မရှိ ဟု သင်လုပ်သော အရာကဆိုရမည်လော။

10. မိမိအဘအား၊ သင်သည် အဘယ်သို့သော အရာကို ဖြစ်ဘွားစေသနည်းဟု၍၎င်း၊ မိမိအမိအား၊ သင်သည် အဘယ်သို့သော အရာကို မွေးဘွားသနည်းဟူ ၍၎င်း ဆိုသောသူသည် အမင်္ဂလာရှိ၏။

11. ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား၊ ထိုအမျိုးကို ဖန်ဆင်းသော ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည်ဖြစ်လတံ့သော အမှုတို့ကို ငါ့ထံ၌ မေးမြန်းကြလော့။ ငါ့သားတို့အတွက်၊ ငါ့ကိုယ်တိုင် ပြုသော အမှုအတွက်ကြောင့်၊ ငါ့ကို စီရင်ကြလော့။

12. မြေကြီးကို ငါလုပ်လေပြီ။ မြေကြီးပေါ်မှာ လူကိုလည်း ဖန်ဆင်းလေပြီ။ မိုဃ်းကောင်းကင်ကို ကိုယ်လက် နှင့် ငါကြက်လေပြီ။ မိုဃ်းကောင်းကင်တန်ဆာအပေါင်း တို့ကို ငါခန့်ထားလေပြီ။

13. ထိုသူကိုလည်း တရားတော်အတိုင်း ငါ ပေါ်ထွန်းစေ၏။ သူသွားသော လမ်းကို ငါဖြောင့်စေမည်။ သူသည် ငါ၏မြို့ကို တည်ဆောက်လိမ့်မည်။ သိမ်းသွား ချုပ်ထားခြင်းကို ခံရသော ငါ၏ လူတို့ကို သူသည် အဘိုး မခံ၊ ဆုမယူဘဲ လွှတ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။

14. တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်၌ ဆည်းဖူးသောဥစ္စာ၊ ကုရှပြည်သား၊ အရပ်မြင့်သော သေဘအမျိုးသား ပြုစုသောကုန်သွယ်ဥစ္စာသည် သင့်ဘက်သို့ ရောက်၍၊ သင်၏ဥစ္စာဖြစ်ရလိမ့်မည်။ ထိုသူတို့သည် သင့်နောက်သို့ လိုက်၍ သံကြိုးနှင့် ချည်နှောင်လျက် လမ်း၌ ရှောက်သွားကြလိမ့်မည်။ သင့်ရှေ့မှာ ပြပ်ဝပ်၍၊ အကယ်စင်စစ် ကိုယ်တော်၌ ဘုရားသခင်ရှိတော်မူ၏။ ထိုဘုရားမှတပါး အခြားသာ ဘုရားသခင် မည်မျှမရှိပါဟူ၍ တောင်းပန်ကြလိမ့်မည်။

15. အိုဣသရေလ အမျိုး၏ဘုရားသခင်၊ ကယ်တင်တော်မူသောဘုရား၊ အကယ်စင်စစ် ကိုယ်တော်သည် ကိုယ်ကို ထင်ရှားစွာ ပြတော်မမူသော ဘုရားသခင်ဖြစ်တော်မူ၏။

16. ရုပ်တုကိုလုပ်သော သူအပေါင်းတို့သည် ရှက်ကြောက်၍ မိန်းမောတွေဝေကြလိမ့်မည်။ အရှက်ကွဲ၍ တပြိုင်နက် ဆုတ်သွားကြလိမ့်မည်။

17. ဣသရေလအမျိုးမူကား၊ ထာဝရဘုရားအားဖြင့် ထာဝရကယ်တင်ခြင်းသို့ ရောက်၍၊ သင်တို့သည် ရှက် ကြောက်ခြင်း၊ မှိုင်တွေခြင်းနှင့် ကမ္ဘာအဆက်ဆက် ကင်း လွတ်ကြလိမ့်မည်။

18. မိုဃ်းကောင်းကင်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၊ မြေကြီးကို ပြုပြင်ဖန်ဆင်း၍ အမြဲတည် စေတော်မူသောအရှင်၊ အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဘို့ ဖန်ဆင်းတော်မူသော ဘုရားသခင် မိန့်တော်မူသည်ကား၊ ငါသည် ထာဝရဘုရား ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။

19. ငါသည် တိတ်ဆိတ်စွာ မဟော။ မြေကြီးထဲမှာ မှောင်မိုက်သောအရပ်၌မဟော။ သင်တို့သည် ကျေးဇူးမရှိဘဲ ငါ့ကို ရှာကြလော့ဟု ယာကုပ်အမျိုးအား ငါမပြော။ ငါသည် ဖြောင့်မတ်စွာ ပြော၍ အတည့်အလင်းဟောတတ်သော ထာဝရဘုရားဖြစ်၏။

20. သင်တို့သည် စည်းဝေး၍ လာကြလော့။ အတိုင်းတိုင်း အပြည်ပြည်တို့မှ ဘေးလွတ်သော သူတို့၊ စည်းဝေး ကြလော့။ မိမိထုလုပ်သော သစ်သားကို ဆောင်ရွက်သောသူ၊ မကယ်တင်နိုင်သော ဘုရားကို ပဌနာပြုသော သူတို့သည် ပညာမရှိကြ။

21. သိတင်းကြားပြောကြလော့။ လူများကို အနီးသို့ ခေါ်ခဲ့၍ တိုင်ပင်ကြစေ။ ဤအမှုကို ရှေးကာလမှစ၍ အဘယ်သူ ဘော်ပြသနည်း။ အထက်က အဘယ်သူ ဟောပြောသနည်း။ ငါထာဝရဘုရား ဟောပြောသည် မဟုတ်လော။ ငါမှတပါး အခြားသော ဘုရားသခင်မရှိ။ ငါသည် ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောဘုရား ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 45