ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 45:3-16 Judson Bible (BJB)

3. မှောင်မိုက်၌ရှိသော ဘဏ္ဍာ၊ လုံခြုံစွာ ဝှက်ထားသော ဥစ္စာတို့ကို သင့်အား ငါပေးမည်။ သို့ဖြစ်၍၊ ငါသည် သင့်ကို နာမည်ဖြင့် ခေါ်သော ဣသရေလအမျိုး၏ ဘုရားသခင်၊ ထာဝရဘုရား ဖြစ်တော်မူကြောင်းကို သင်သိရလိမ့်မည်။

4. ငါ့ကျွန်ယာကုပ်၊ ငါရွေးကောက်သောသူ ဣသရေလအတွက် ၊ ငါသည် သင့်ကို နာမည်ဖြင့် ခေါ်၏။သင်သည် ငါ့ကို မသိသော်လည်း၊ သင်၌ နာမည်သစ်ကို ထပ်၍ပေး၏။

5. ငါတပါးတည်းသာ ထာဝရဘုရားဖြစ်၏။ ငါမှတပါး အခြားသော ဘုရားသခင်မရှိ။ သင်သည် ငါ့ကို မသိသော်လည်း၊ သင်၏ခါးကို ငါစည်း၏။

6. သို့ဖြစ်၍ ငါမှတပါး အခြားသော ဘုရားမရှိ၊ ငါတပါးတည်းသာ ထာဝရဘုရား ဖြစ်ကြောင်းကို၊ နေထွက်ရာအရပ်သားနှင့် အနောက်မျက်နှာသားတို့သည် သိရကြလိမ့်မည်။

7. ငါသည် အလင်းကိုလုပ်၏။ အမိုက်ကိုလည်း ဖန်ဆင်း၏။ ငြိမ်သက်ခြင်းကို ဖြစ်စေ၏။ အမင်္ဂလာကိုလည်း ဖန်ဆင်း၏။ ခပ်သိမ်းသော အမူအရာတို့ကို ငါထာဝရဘုရား ပြုတော်မူ၏။

8. မိုဃ်းကောင်းကင်တို့၊ အထက်မှယိုကြလော့။ မိုဃ်းတိမ်တို့သည် တရားမိုဃ်းရွာကြစေ။ မြေကြီးသည် ပွင့်၍ ကယ်တင်ခြင်းအသီးကို သီးစေ။ ဖြောင့်မတ်ခြင်းတရားသည် တပြိုင်နက်ပေါက်စေ။ ထိုသို့ ငါထာဝရဘုရား ဖန်ဆင်း၏။

9. အကြင်သူသည် မိမိကို ဖန်ဆင်းသောသူနှင့် ဆန့်ကျင်ဘက်ပြု၏၊ ထိုသူသည် အမင်္ဂလာရှိ၏။ မြေအိုး ခြမ်းတို့တွင် အိုးခြမ်းပါတကား။ အိုးမြေက၊ သင်သည် အဘယ်သို့သောအရာကို လုပ်သနည်းဟု အိုးထိန်း သမားကို ဆိုရမည်လော။ ငါ့ကို လုပ်သောသူ၌ လက်မရှိ ဟု သင်လုပ်သော အရာကဆိုရမည်လော။

10. မိမိအဘအား၊ သင်သည် အဘယ်သို့သော အရာကို ဖြစ်ဘွားစေသနည်းဟု၍၎င်း၊ မိမိအမိအား၊ သင်သည် အဘယ်သို့သော အရာကို မွေးဘွားသနည်းဟူ ၍၎င်း ဆိုသောသူသည် အမင်္ဂလာရှိ၏။

11. ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား၊ ထိုအမျိုးကို ဖန်ဆင်းသော ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည်ဖြစ်လတံ့သော အမှုတို့ကို ငါ့ထံ၌ မေးမြန်းကြလော့။ ငါ့သားတို့အတွက်၊ ငါ့ကိုယ်တိုင် ပြုသော အမှုအတွက်ကြောင့်၊ ငါ့ကို စီရင်ကြလော့။

12. မြေကြီးကို ငါလုပ်လေပြီ။ မြေကြီးပေါ်မှာ လူကိုလည်း ဖန်ဆင်းလေပြီ။ မိုဃ်းကောင်းကင်ကို ကိုယ်လက် နှင့် ငါကြက်လေပြီ။ မိုဃ်းကောင်းကင်တန်ဆာအပေါင်း တို့ကို ငါခန့်ထားလေပြီ။

13. ထိုသူကိုလည်း တရားတော်အတိုင်း ငါ ပေါ်ထွန်းစေ၏။ သူသွားသော လမ်းကို ငါဖြောင့်စေမည်။ သူသည် ငါ၏မြို့ကို တည်ဆောက်လိမ့်မည်။ သိမ်းသွား ချုပ်ထားခြင်းကို ခံရသော ငါ၏ လူတို့ကို သူသည် အဘိုး မခံ၊ ဆုမယူဘဲ လွှတ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။

14. တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်၌ ဆည်းဖူးသောဥစ္စာ၊ ကုရှပြည်သား၊ အရပ်မြင့်သော သေဘအမျိုးသား ပြုစုသောကုန်သွယ်ဥစ္စာသည် သင့်ဘက်သို့ ရောက်၍၊ သင်၏ဥစ္စာဖြစ်ရလိမ့်မည်။ ထိုသူတို့သည် သင့်နောက်သို့ လိုက်၍ သံကြိုးနှင့် ချည်နှောင်လျက် လမ်း၌ ရှောက်သွားကြလိမ့်မည်။ သင့်ရှေ့မှာ ပြပ်ဝပ်၍၊ အကယ်စင်စစ် ကိုယ်တော်၌ ဘုရားသခင်ရှိတော်မူ၏။ ထိုဘုရားမှတပါး အခြားသာ ဘုရားသခင် မည်မျှမရှိပါဟူ၍ တောင်းပန်ကြလိမ့်မည်။

15. အိုဣသရေလ အမျိုး၏ဘုရားသခင်၊ ကယ်တင်တော်မူသောဘုရား၊ အကယ်စင်စစ် ကိုယ်တော်သည် ကိုယ်ကို ထင်ရှားစွာ ပြတော်မမူသော ဘုရားသခင်ဖြစ်တော်မူ၏။

16. ရုပ်တုကိုလုပ်သော သူအပေါင်းတို့သည် ရှက်ကြောက်၍ မိန်းမောတွေဝေကြလိမ့်မည်။ အရှက်ကွဲ၍ တပြိုင်နက် ဆုတ်သွားကြလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 45