ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 44:16-28 Judson Bible (BJB)

16. ထိုသစ်သားတပိုင်းနှင့် မီးမွေးတတ်၏။ တပိုင်းနှင့် အမဲသားကိုချက်၍ စားတတ်၏။ ဖုတ်ကင်ပြီးမှဝစွာ စားတတ်၏။ တဖန်မီးလှုံ၍အယ်၊ ငါနွေးပြီ။ မီးကို တွေ့ပြီဟု ဆိုတတ်၏။

17. ကျန်သောအပိုင်းကိုလည်း ယူ၍ ရုပ်တုတည်းဟူသော ဘုရားကို လုပ်တတ်၏။ ထိုရုပ်တုရှေ့မှာ ပြပ်ဝပ်၍ ကိုးကွယ်တတ်၏။ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားဖြစ်တော်မူ၏။ အကျွန်ုပ်ကို ကယ်တင်တော်မူပါ ဟူ၍ ဆုတောင်းတတ်၏။

18. ထိုသို့သော သူသည် ပညာမရှိ။ ဉာဏ်မရှိ။ မမြင်နိုင်အောင် မျက်စိကို၎င်း၊ နားမလည်နိုင်အောင် စိတ်နှလုံး ကို၎င်း ပိတ်၏။

19. ငါသည် တပိုင်းနှင့် မီးမွေးပြီး။ မုန့်ကိုလည်း ထိုမီးခဲပေါ်မှာ ဖုတ်လေပြီ။ အမဲသားကိုလည်း ကင်၍ စားလေပြီ။ ကြွင်းသော အပိုင်းကို စက်ဆုပ်ရွံ့ရှာဘွယ် ဖြစ်စေရမည်လော။ သစ်သားရှေ့မှာ ငါပြပ်ဝပ်ရမည် လောဟု စိတ်နှလုံးထဲမှာ အောက်မေ့ဆင်ခြင်နိုင်သော ဉာဏ်ပညာအလျှင်းမရှိပါတကား။

20. သူသည် မီးဖိုပြာကို ကျက်စားတတ်၏။ မိုက်သော စိတ်နှင့်လမ်းလွဲပြီ။ ထို့ကြောင့်၊ ကိုယ်ဝိညာဉ်ကို ကိုယ်မချွတ်နိုင်။ မိမိလက်ျာလက်၌ မိစ္ဆာဒိဌိပါသလော ဟု မအောက်မေ့နိုင်ပါတကား။

21. အိုယာကုပ်အမျိုး၊ ဤအရာတို့ကို ဆင်ခြင်လော့။ အိုဣသရေလအမျိုး၊ သင်သည် ငါ့ကျွန်ဖြစ်၏။ သင့်ကို ငါဖန်ဆင်းသည်ဖြစ်၍၊ သင်သည် ငါ့ကျွန်ဖြစ် ၏။ အိုဣသရေလအမျိုး၊ သင့်ကို ငါမမေ့မလျော့။

22. သင်၏ဒုစရိုက်တို့ကို တိမ်တိုက်ကဲ့သို့၎င်း၊ သင်၏ အပြစ်တို့ကို တိမ်လွှာကဲ့သို့၎င်း ငါချေပြီ။ ငါ့ထံသို့ ပြန်လာလော့။ သင့်ကိုငါ ရွေးနှုတ်ပြီ။

23. အိုမိုဃ်းကောင်းကင်တို့၊ သီချင်းဆိုကြလော့။ ထာဝရဘုရား ပြုတော်မူပြီ။ မြေကြီးအောက်အရပ်တို့၊ ကြွေးကြော်ကြလော့။ တောင်များ၊ တောနှင့်တကွ သစ်ပင်များတို့၊ ကျူးဧသော အသံကို ပေးကြလော့။ ထာဝရဘုရား သည် ယာကုပ်ကို ရွေးနှုတ်တော်မူပြီ။ ဣသရေလအားဖြင့် ဘုန်းထင်ရှားတော်မူပြီ။

24. သင့်ကို ရွေးနှုတ်တော်မူ၍၊ ဘွားစကပင် သင့်ကို ပြုပြင်တော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား၊ မိုဃ်းကောင်းကင်ကို ငါတပါးတည်း ကြက်လျက်၊ မြေကြီးကို အဘော်မရှိဘဲ ခင်းလျက်၊ ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းသော ထာဝရဘုရားဖြစ်၏။

25. ငါသည် မိစ္ဆာဆရာတို့၏ ပုပ္ပနိမိတ်များကို ပယ်ဖျောက်တတ်၏။ ဗေဒင်သမားတို့ကို ရူးသွပ်စေတတ် ၏။ ပညာရှိတို့ကို လှန်၍ သူတို့၏ပညာကို မိုက်စေတတ် ၏။

26. ငါသည် ငါ့ကျွန်၏ စကားကို တည်စေ၍၊ ငါ့တမန်တို့ ဟောပြောသည်အတိုင်း ပြုတတ်၏။ ယေရုရှလင်မြို့ကို သင်သည် လူနေရာဖြစ်လိမ့်မည်ဟူ၍၎င်း၊ ယုဒမြို့တို့ကို သင်တို့သည် တည်ဆောက်လျက်ရှိကြလိမ့် မည်။ ပြိုပျက်ရာများကို ငါပြုပြင်မည်ဟူ၍၎င်း ဆို၏။

27. ပင်လယ်ကိုလည်း ရေကုန်စေ။ သင်၏ မြစ် အပေါင်းကို ငါခန်းခြောက်စေမည်ဟူ၍၎င်း၊

28. ကုရုမင်းကိုလည်း၊ သင်သည် ငါ့သိုးထိန်း ဖြစ်၏။ ငါ့အလိုရှိသမျှကို ပြည့်စုံစေလျက်၊ ယေရုရှလင်မြို့ တည်ဆောက်စေ၊ ဗိမာန်တော်တိုက်မြစ်ကျစေဟု စီရင်လိမ့်မည်ဟူ၍၎င်း ငါဆို၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 44