ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 40:14-31 Judson Bible (BJB)

14. အဘယ်သူနှင့် တိုင်ပင်တော်မူသနည်း။ ထိုဘုရားကို အဘယ်သူ သွန်သင်သနည်း။ ထိုဘုရားအား တရားလမ်းကို ပြသောသူ၊ ပညာနည်းကို ပေးသောသူ၊ ဥာဏ်လမ်းကို ညွှန်သောသူကား အဘယ်သူနည်း။

15. လူအမျိုးမျိုးတို့သည် ရေပုံးမှ ကျသော ရေစက်ကဲ့သို့ ဖြစ်၍၊ ချိန်ခွင်၌ မြူမှုန်ကဲ့သို့ ထင်မှတ်စရာရှိ၏။ ကျွန်းတို့သည်လည်း၊ လွင့်တတ်သော အဏုမြူကဲ့သို့ ဖြစ်ကြ၏။

16. လေဗနုန်တောသည် မီးမွေးဘို့မလောက်။ ထိုတော၌ရှိသော တိရစ္ဆာန်တို့သည်လည်း၊ မီးရှို့ရာ ယဇ်ဘို့မလောက်။

17. ခပ်သိမ်းသော လူအမျိုးမျိုးတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ ရှေ့တော်၌ ဖြစ်ကြ၏။ အဘယ်မျှမဟုတ် သော အရာထက်သာ၍ ငယ်သကဲ့သို့၎င်း၊ အနတ္တကဲ့သို့၎င်း မှတ်တော်မူ၏။

18. သို့ဖြစ်၍၊ ဘုရားသခင်ကို အဘယ်သို့ ပုံပြရအံ့နည်း။ ဘုရားသခင်နှင့် အဘယ်မည်သော ပုံသဏ္ဍာန်တူသည်ဟု ဆိုရအံ့နည်း။

19. ပန်းတဉ်းသမားသည် ရုပ်တုကို သွန်းပြီးမှ၊ ပန်းထိမ်သမားသည် ရွှေနှင့်မွမ်းမံ၍၊ ငွေကြိုးကိုလည်း လုပ်တတ်၏။

20. အဘိုးထိုက်သော အလှူကို မလှူနိုင်သောသူ သည်၊ မဆွေးမြေ့တတ်သော သစ်သားကို ရွေးကောက်ပြီးမှ၊ မြဲမြံသော ရုပ်တုကို လုပ်စေခြင်းငှါ၊ လိမ္မာသော လက်သမားကို ရှာတတ်၏။

21. သင်တို့သည် မသိကြသလော။ မကြားကြသလော။ ရှေ့ဦးစွာမှစ၍ သင်တို့အား မဘော်မပြသလော။ မြေကြီးတည်သည်အကြောင်းကို နားမလည်ကြသလော။

22. မြေကြီးစက်အပေါ်မှာ ထိုင်၍၊ မြေကြီးသားတို့ကို နှံကောင်ကဲ့သို့ မှတ်တော်မူထသော၊ မိုဃ်းကောင်း ကင်ကို မျက်နှာကြက်ကဲ့သို့ ကြက်၍၊ နေစရာတဲကဲ့သို့ ဖြန့်တော်မူထသော၊

23. မင်းတို့ကို ရှုတ်ချ၍၊ မြေကြီးတရားသူကြီးတို့ကို အနတ္တကဲ့သို့ ဖြစ်စေတော်မူသော သူပေတည်း။

24. အကယ်စင်စစ်သူတို့ကို မစိုက်မပျိုးရ။ အကယ်စင်စစ် သူတို့၏မျိုးစေ့ကို မကြဲရ။ အကယ်စင်စစ် သူတို့ အပင်သည် မြေ၌ အမြစ်မစွဲရ။ သူတို့အပေါ်မှာ မှုတ်တော်မူသဖြင့်၊ သူတို့သည် ညှိုးနွမ်းသွေ့ခြောက်၍၊ လေ ဘွေသည် သူတို့ကို ဖွဲကဲ့သို့ တိုက်လွှင့်လိမ့်မည်။

25. သို့ဖြစ်၍၊ ငါ့ကို အဘယ်သို့ ပုံပြရအံ့နည်း။ ငါသည် အဘယ်သူနှင့် တူရအံ့နည်းဟု သန့်ရှင်းသော ဘုရားမေးတော်မူ၏။

26. အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူ ဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံး အရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့် ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့် ပြည့်စုံတော်မူသောကြောင့်၊ တစုံတခုမျှ မပေါ်ဘဲမနေရ။

27. အိုယာကုပ်အမျိုး၊ သင်သွားသော လမ်းကို ထာဝရဘုရား သိတော်မမူဟု အဘယ်ကြောင့် ပြောသနည်း။ အိုဣသရေလအမျိုး၊ သင့်အမှုကို သင်၏ဘုရားသခင် မှတ်တော်မမူဟု၊ အဘယ်ကြောင့်ဆိုရသနည်း။

28. ထာဝရဘုရားသည် အစဉ်အမြဲ တည်တော်မူသော ဘုရားသခင်ဖြစ်ကြောင်းကို၎င်း၊ မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသော အရှင်ဖြစ်ကြောင်းကို၎င်း၊ မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်းမရှိ၊ စစ်၍ မကုန်နိုင် သော ဥာဏ်နှင့် ပြည့်စုံတော်မူကြောင်းကို၎င်း၊ သင်သည် မသိမကြားဘူးသလော။

29. ထိုဘုရားသည် မောသောသူတို့အား၊ ခွန်အားကို ပေးတော်မူ၏။ နွမ်းနယ်သော သူတို့အား၊ အစွမ်းသတ္တိနှင့် ပြည့်စုံသော အခွင့်ကို ပေးတော်မူ၏။

30. လူပျိုတို့သည် မော၍ပင်ပန်းခြင်းသို့ ရောက်ကြလိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။

31. ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့ အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 40