ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 28:1-10 Judson Bible (BJB)

1. စပျစ်ရည်နှင့် ယစ်မူးသောသူတို့၏ နေရာကြွယ်ဝသော ချိုင့်ဦးတွင်၊ ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူနှင့်၊သူတို့၌ ညှိုးနွမ်းတတ်သော ဘုန်းအသရေ၏ ပန်းပွင့်သည် အမင်္ဂလာရှိ၏။

2. ထာဝရဘုရား၌ ခွန်အားတန်ခိုးကြီးသောသူသည်၊ မိုဃ်းသီးပါလျက် ဖျက်ဆီးသော မိုဃ်းသက်မုန် တိုင်းကဲ့သို့၎င်း၊ ပြင်းစွာထ၍ လွှမ်းမိုးသော ရေကြီးကဲ့သို့၎င်း၊ မြေတိုင်အောင် ပြင်းစွာချပစ်လိမ့်မည်။

3. ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူသည်၊ ကျော်နင်းခြင်းကိုခံရလိမ့်မည်။

4. ကြွယ်ဝသော ချိုင့်ဦးတွင်၊ သူတို့၌ ညှိုးနွမ်းတတ်သော ဘုန်းအသရေ၏ ပန်းပွင့်သည်၊ နွေကာလ မစေ့မှီ အလျင် သီးသောအသီးကဲ့သို့ ဖြစ်လိမ့်မည်။ ထိုအသီးကို မြင်သောသူသည် မြင်လျက်၊ လက်နှင့် ကိုင်လျက်ပင်စား တတ်၏။

5. ထိုကာလ၌လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ကျန်ကြွင်းသော မိမိလူတို့၌ ဘုန်းရှိသောသရဖူ၊ အသရေတင့်တယ်သော ဦးရစ်ဖြစ်တော်မူလိမ့်မည်။

6. တရားမှုကို စီရင်သောသူတို့အား တရားစီရင်သော ဥာဏ်ကို၎င်း၊ ရန်သူမျိုး တံခါးတိုင်အောင် စစ်မှုကို လှန်သောသူတို့အား၊ ခွန်အားဗလကို၎င်း ပေးတော်မူလိမ့်မည်။

7. သို့သော်လည်း၊ ထိုသူတို့သည် စပျစ်ရည်ကြောင့် မှားယွင်းကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲကြပြီ။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့သည် သေရည်သေရက်ကြောင့် မှားယွင်းကြပြီ။ စပျစ်ရည်နှင့် မွှန်ကြပြီ။ သေရည် သေရက်ကြောင့် လမ်းလွဲကြပြီ။ ဗျာဒိတ်ခံသည်အရာ၌ မှားယွင်းလျက်၊ တရားစီရင်သည်အရာ၌ ထိမိ၍ လဲလျက်နေကြ၏။

8. သူတို့စားပွဲရှိသမျှတို့သည်၊ လွတ်လပ်ရာမရှိ သည်တိုင်အောင်၊ အန်ဖတ်နှင့်၎င်း၊ အညစ်အကြေးနှင့်၎င်း ပြည့်လျက်ရှိကြ၏။

9. သူတို့က၊ အဘယ်သူကို ပညာသွန်သင်ချင်သနည်း။ အဘယ်သူကို တရားနားလည်စေချင်သနည်း။ ငါတို့သည် နို့နှင့် ကွာစရှိသောသူ၊ အမိသားမြတ်နှင့် အနိုင်ကွာရသောသူဖြစ်ကြသလော။

10. ပညတ်တခုပေါ်မှာ တခု၊ တခုပေါ်မှာ တခု၊ တနည်းပေါ်မှာ တနည်း၊ တနည်းပေါ်မှာ တနည်း၊ သည်ဘက်မှာ အနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ်ရှိပါသည်တကားဟု ဆိုကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 28