ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 10:1-17 Judson Bible (BJB)

1. ငတ်မွတ်သော သူတို့ကို တရားရှုံးစေခြင်းငှါ၎င်း၊

2. ငါ၏လူမျိုးတွင် ဆင်းရဲသားတို့၏ အခွင့်အရာကို ရုပ်သိမ်းခြင်းငှါ၎င်း၊ မုတ်ဆိုးမတို့ကို ညှဉ်းဆဲ၍၊ မိဘမရှိသောသူတို့၏ ဥစ္စာကိုလုယူခြင်းငှါ၎င်း၊ မတရားသဖြင့်စီရင်သောသူ၊ ကျပ်တည်းစွာသော မှတ်ချက်ကို မှတ်သားသော စာရေးတို့သည် အမင်္ဂလာရှိကြ၏။

3. ငါကြည့်ရှုစီရင်သည်ကာလ၊ အဝေးကရောက်လတံ့သော ဖျက်ဆီးခြင်းဖြစ်သည်ကာလ၌၊ သင်တို့သည် ချမ်း သာရအံသောငှါ၊ အဘယ်သူထံသို့ ပြေးကြလိမ့်မည်နည်း။ သင်တို့ စည်းစိမ်ဥစ္စာကို အဘယ်မှာ သိုထားကြ လိမ့်မည် နည်း။

4. ငါ့ကျေးဇူးကို မခံရသောသူတို့သည်၊ ချုပ်ထားလျက်ရှိသော သူတို့အောက်မှာ ဦးချရကြလိမ့်မည်။ အသေသတ်ခြင်းကို ခံရသော သူတို့အောက်မှာ လဲကြလိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည်မငြိမ်း၊ လက်တော်သည်ဆန့်လျက်ရှိသေး၏။

5. အာရှုရိလူသည် အမင်္ဂလာရှိ၏။ ငါ့အမျက်၏ လှံတံဖြစ်၏။ သူကိုင်သောတောင်ဝေးသည် ငါဒဏ်ပေးစရာဘို့ ဖြစ်၏။

6. အဓမ္မ လူမျိုးရှိရာသို့ သူ့ကိုငါစေလွှတ်မည်။ ငါ့အမျက်ခံရာ လူစုကို လုယူဖျက်ဆီး၍၊ လမ်း၌ ရွှံ့ကိုကဲ့သို့ ကျော်နင်းစေခြင်းငှါ၊ သူ့ကိုငါမှာထားမည်။

7. သို့သော်လည်း၊ သူသည်အခြားသောအကြံ၊ အခြားသော အလိုရှိ၏။ သူသည်ဖျက်ဆီး၍၊ များစွာ သောလူမျိုးတို့ကို ဖယ်ရှင်းခြင်းငှါ အလိုရှိ၏။

8. သူသည် အဘယ်သို့ ဆိုသနည်းဟူမည်ကား၊ ငါ၏ မှုးမတ်တို့သည် မင်းကြီးဖြစ်ကြသည်မဟုတ်လော။

9. ကာလနောမြို့သည် ခါခေမိတ်မြို့ကဲ့သို့၎င်း၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့၎င်း၊ ရှမာရိမြို့သည် ဒမာသက်မြို့ကဲ့သို့၎င်း ဖြစ်သည်မဟုတ်လော။

10. ရှမာရိရုပ်တုနှင့် ယေရုရှလင်ရုပ်တုထက် သာ၍ မြတ်သော ရုပ်တု ဆင်းတုကို ကိုးကွယ်သော တိုင်းနိုင်ငံ များကို ငါလုယူသကဲ့သို့၎င်း၊

11. ရှမာရိမြို့နှင့် သူ၏ ရုပ်တုတို့ကို ငါပြုသကဲ့သို့၎င်း၊ ယေရုရှလင်မြို့နှင့် သူ၏ ရုပ်တုတို့ကို ငါပြုမည် မဟုတ်လော ဟုဆိုတတ်၏။

12. သို့သော်လည်း၊ ထာဝရဘုရားသည် ဇိအုန်တောင်နှင့် ယေရုရှလင်မြို့၌ အမှုတော်ကို လက်စသတ် တော်မူပြီးမှ၊ အာရှုရိ ရှင်ဘုရင်၏ မာနထောင်လွှားခြင်း၊ မော်သော မျက်နှာနှင့် စော်ကားခြင်းကို ငါကြည့်ရှု၍ စီရင်မည်။

13. ထိုမင်းက၊ ငါသည် ကိုယ်လက်ရုံး သတ္တိနှင့် ကိုယ်ဥာဏ်အားဖြင့် ငါတတ်နိုင်၏။ ပညာသတ္တိနှင့် ငါပြည့်စုံ ၏။ လူမျိုးနေရာ အပိုင်းအခြားတို့ကို ငါရွှေ့ပြီ။ သူတို့၏ ဘဏ္ဍကို လုယူပြီ။ ဘုရင်တို့ကို သူရဲကဲ့သို့ နှိမ့်ချပြီ။

14. ငါ့လက်သည် ငှက်သိုက်ကို တွေ့သကဲ့သို့၊ လူတို့၏ဥစ္စာပစ္စည်းကို တွေ့ပြီ။ စွန့်ပစ်သောငှက်ဥတို့ကို သိမ်းယူသကဲ့သို့၊ မြေကြီးတန်ဆာရှိသမျှတို့ကို ငါသိမ်းယူပြီ။ အဘယ်သူမျှ အတောင်ကိုမလှုပ်၊ နှုတ်သီးကိုမဖွင့်၊ မမြည်မတွန်ဟုဆိုသည် ဖြစ်၍၊

15. ကြိမ်လုံးသည် ကိုင်သောသူကိုလှုပ်သကဲ့သို့၎င်း၊ တောင်ဝေးသည် မိမိသခင်ကိုချီကြွသကဲ့သို့၎င်း၊ ပုဆိန် သည် ခုတ်သော သူကိုစော်ကားရမည်လော။ လွှသည် တိုက်သော သူကို ရန်ပြု၍ ထောင်လွှားရမည်လော။

16. ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရားသည် ထိုမင်း၏ ဆူဝသောသူတို့၌ ပိန်ကျုံ့ ခြင်းကို သွင်းပေးတော်မူမည်။ သူ၏ ဘုန်းအောက်၌လည်း မီးလောင်သကဲ့သို့ လောင်စေခြင်းငှါ ရှို့တော်မူမည်။

17. ဣသရေလအမျိုး၏အလင်းသည် မီးဖြစ်တော်မူမည်။ သန့်ရှင်းသော ဘုရားသည် မီးလျှံဖြစ်တော်မူမည်။ တနေ့ခြင်းတွင်၊ ထိုမင်း၏ ဆူးပင်အမျိုးမျိုးတို့ကို မီးရှို့၍၊ ကျွမ်းစေတော်မူမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 10