ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 1:5-17 Judson Bible (BJB)

5. သူတို့ကိုအဘယ်သို့ ဒဏ်ပေးရဦးမည်နည်း။ အဘယ်သို့ ထပ်၍ ဆုံးမရဦးမည်နည်း။ ဦးခေါင်းသည် အနာသက်သက်ရှိ၏။ နှလုံးသည်လည်း ခွန်အားအလျှင်းမရှိ။

6. ခြေဘဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်းမာခြင်းမရှိ။ စုတ်ရှသောအနာ၊ ထိခိုက်၍ရောင်သောအနာ၊ ရိယွဲသော အနာသက်သက်ရှိ၏။ ထိုအနာများကို မနှိပ်မနယ်ရ။ အဝတ်နှင့်မစည်းရ။ ဘယောင်းဆီနှင့် မပြော့စေရသေး။

7. သင်တို့ပြည်သည် လူဆိတ်ညံလျက်ရှိ၏။ သင်တို့ မြို့များကို မီးလောင်ပြီ။ သင်တို့မြေကိုလည်း တကျွန်း တနိုင်ငံသားတို့သည် သင်တို့မျက်မှောက်၌စားကြ၏။ ရန်သူဖျက်ပြီးသကဲ့သို့၊ လူဆိတ်ညံလျက်ရှိ၏။

8. ဇိအုန်သတို့သမီးသည်လည်း၊ စပျစ်ဥယျာဉ်ထဲ၌ တဲကဲ့သို့၎င်း၊ သခွါးတောင်ယာ၌ လင့်စင်ကဲ့သို့၎င်း၊ ရန်သူဝိုင်းသောမြို့ကဲ့သို့၎င်း ကျန်ရစ်လေ၏။

9. ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့၌အနည်းငယ်မျှ ကြွင်းစေတော်မမူလျှင်၊ ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့် တူကြပြီ။

10. သောဒုံမြို့ကို အစိုးရသောမင်းတို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ကြားကြလော့။ ဂေါမောရမြို့သားတို့၊ ငါတို့ဘုရားသခင်၏ တရားတော်ကို နားထောင်ကြလော့။

11. ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ ပူဇော်သော ယဇ်များကို ငါသည်အဘယ်သို့ဆိုင်သနည်း။ မီးရှို့၍ ပူဇော်သောသိုးကောင်၊ ဆူဖြိုးအောင် ကျွေးသောတိရစ္ဆာန်တို့၏ ဆီဥနှင့် ငါဝပြီ။ နွားနှင့်သိုးသငယ်၊ ဆိတ် တို့၏အသွေးကို ငါမနှစ်သက်။

12. သင်တို့သည် ငါရှေ့မှာ မျက်နှာပြခြင်းငှါ လာကြသောအခါ၊ ငါ့တန်တိုင်းတော်ကို ကျော်နင်းသောသင်တို့၌ ထိုသို့သော ဝတ်ကို အဘယ်သူတောင်းသနည်း။

13. အချည်းနှီးသော ပူဇော်သက္ကာကို နောက်တဖန် မဆောင်ခဲ့ကြနှင့်၊ သင်တို့မီးရှို့သောနံ့သာပေါင်းကို ငါရွံရှာ၏။ လေဆန်နေ့၊ ဥပုသ်နေ့၊ ပရိသတ်စည်းဝေးသော နေ့ကိုလည်း ရွံရှာ၏။ အဓမ္မအမှုနှင့်ရောနှောသော ဓမ္မစည်းဝေးခြင်းတို့ကို သည်းမခံနိုင်။

14. ငါ့ဝိညာဉ်သည် သင်တို့လဆန်းနေ့များနှင့်၊ သင်တို့ပွဲများကို မုန်း၏။ ငါ့ကိုနှောက်ရှက်စရာဖြစ်၏။ သည်းခံခြင်းအားဖြင့် ငါပင်ပန်း၏။

15. သင်တို့သည်လက်ဝါးတို့ကို ဖြန့်ကြသောအခါ၊ ငါသည်မျက်စိကိုလွှဲမည်။ များစွာသော ပဌနာကို ပြုကြသောအခါ၊ ငါသည်နားမထောင်။ သင်တို့လက်တို့ သည် အသွေးနှင့် ပြည့်ကြ၏။

16. ကိုယ်ကိုကိုယ်ဆေးကြောကြလော့။ ကိုယ်ကို ကိုယ်စင်ကြယ်စေကြလော့။ သင်တို့ ဒုစရိုက်များကို ငါ့မျက်မှောက်မှ ပယ်ရှားကြလော့။ မကောင်းသော အကျင့်ကို ဖြတ်ကြလော့။

17. ကောင်းသောအကျင့်ကို ကျင့်အံ့သောငှါ သင်ကြလော့။ တရားသဖြင့် ပြုခြင်းငှါ ကြံကြလော့။ ကောင်းသောအရာကို ဖြောင့်စေကြလော့။ မိဘမရှိသော သူတို့အဘို့ တရားသဖြင့် စီရင်ကြလော့။ မုတ်ဆိုးမတို့၏အမှုကို စောင့်ကြလော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 1