အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

သူ​ကြီး 3 Judson Bible (BJB)

1-2. ခါနာန်ပြည်၌ တိုက်သော စစ်မှုရှိသမျှတို့ကို မသိသော ဣသရေလအမျိုးသားအပေါင်းတို့ကို စုံစမ်းခြင်းငှါ၎င်း၊ စစ်မှုကို မသိသော ဣသရေလအမျိုးသားအစဉ်အဆက်တို့သည် စစ်အတတ်ကိုသင်၍ တတ်စေခြင်းငှါ၎င်း၊ ထာဝရဘုရားချန်ထားတော်မူသော လူမျိုးများဟူမူကား၊

3. ဖိလိတ္တိမင်းငါးပါးအစရှိသော ခါနနိလူအမျိုးမျိုး၊ ဇိဒုန်လူ၊ ဗာလဟေရမုန်တောင်မှစ၍ ဟာမတ်လမ်းဝတိုင်အောင် လေဗနုန်တောင်ပေါ်မှာနေသောဟိဝိလူတို့သည် ကျန်ကြွင်းကြ၏။

4. ထာဝရဘုရားသည် မောရှေအားဖြင့် ဘိုးဘေးတို့ကိုမှာထားတော်မူသော ပညတ်များအတိုင်းကျင့်မည် မကျင့်မည်ကိုထင်ရှားစေခြင်းငှါ ဣသရေလအမျိုးကို စုံစမ်းဘို့ရာ ဖြစ်သတည်း။

5. ဣသရေလအမျိုးသားတို့သည် ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့တွင်နေ၍၊

6. သူတို့သမီးနှင့် စုံဘက်ခြင်းကိုပြုလျက်၊ မိမိတို့သမီးကိုပေးစားလျက်၊ သူတို့ဘုရားများကို ဝတ်ပြုကြ၏။

7. ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍ မိမိတို့ဘုရားသခင် ထာဝရဘုရားကိုမေ့လျော့သဖြင့်၊ ဗာလဘုရားများ၊ အာရှရပင်များကို ဝတ်ပြုသောကြောင့်၊

8. ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာအမျက်တော်ထွက်၍၊ မေသောပေါတာမိရှင်ဘုရင်ခုရှံရှသိမ်၌ ရောင်းတော်မူသဖြင့်၊ ဣသရေလလူတို့သည် ရှစ်နှစ်ပတ်လုံး ထိုရှင်ဘုရင်ထံ၌ ကျွန်ခံရကြ၏။

9. နောက်တဖန် ထာဝရဘုရားကိုအော်ဟစ်ကြသောအခါ၊ ကယ်တင်သောသခင်၊ ကာလက်ညီ၊ ကေနတ်၏သားဩသံယေလကို သူတို့အဘို့ ပေါ်ထွန်းစေတော်မူ၏။

10. ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့အပေါ်သို့ သက်ရောက်သဖြင့်၊ သူသည် ဣသရေလအမျိုးကိုအုပ်စိုး၍ စစ်ချီလေ၏။ မေသောပေါတာမိရှင်ဘုရင် ခုရှံရိရှသိမ်ကို သူ့လက်၌ ထာဝရဘုရားအပ်တော်မူသဖြင့်၊ သူသည် ထိုရှင်ဘုရင်ကို အောင်လေ၏။

11. အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံးငြိမ်းပြီးမှ၊ ကေနတ်၏သား ဩသံယေလသည် သေလေ၏။

12. တဖန်ဣသရေလအမျိုးသည် ထာဝရဘုရားရှေ့တော်၌ဒုစရိုက်ကို ပြုသောကြောင့်၊ မောဘရှင်ဘုရင်ဧဂလုန်ကို ဣသရေလအမျိုးတဘက်၌ ခွန်အားနှင့် ပြည့်စုံစေတော်မူ၏။

13. ထိုမင်းသည်အမ္မုန်အမျိုးသား၊ အာမလက်အမျိုးသားတို့ကို စုဝေးစေလျက် ချီသွား၍၊ ဣသရေလလူတို့ကိုလုပ်ကြံပြီးမှ၊ စွန်ပလွံမြို့ကိုသိမ်းယူသဖြင့်၊

14. ဣသရေလအမျိုးသားတို့သည်တဆယ်ရှစ်နှစ်ပတ်လုံး မောဘရှင်ဘုရင် ဧဂလုန်မင်းထံ၌ ကျွန်ခံရကြ၏။

15. နောက်တဖန် ထာဝရဘုရားကိုအော်ဟစ်သောအခါ၊ ကယ်တင်သောသခင်၊ လက်ျာလက်ကိုမသုံးတတ်သောဗင်္ယာမိန်အမျိုး၊ ဂေရသားဧဟုဒကို ပေါ်ထွန်းစေတော်မူ၏။ သူ့လက်တွင် ဣသရေလလူတို့သည်လက်ဆောင်ကို မောဘရှင်ဘုရင်ဧဂလုန်ထံသို့ ပေးလိုက်ကြ၏။

16. ဧဟုဒသည် အလျားတတောင်ရှိသော သန်လျက်ကိုလုပ်၍ လက်ျာပေါင်အဝတ်တွင်း၌ စည်းထားပြီးလျှင်၊

17. မောဘရှင်ဘုရင်ဧဂလုန်ထံသို့ လက်ဆောင်ကို ဆောင်ခဲ့လေ၏။ ဧဂလုန်သည် အလွန်ဝသောသူဖြစ်၏။

18. ဧဟုဒသည် လက်ဆောင်ကိုဆက်ပြီးလျှင်၊ လက်ဆောင်ကို ထမ်းသောသူတို့ကို လွှတ်လိုက်၍၊

19. ဂိလဂါလမြို့နား၌ရှိသော ကျောက်တိုင်တို့မှ ကိုယ်တိုင်ပြန်လာ၍၊ ဘုရားကျွန်တော်သည် တိတ်ဆိတ်စွာ လျှောက်စရာအကြောင်းရှိပါသည်ဟု ဆိုလျှင်၊ ရှင်ဘုရင်က၊ တိတ်ဆိတ်စွာနေကြဟု အမိန့်တော်ရှိသည်အတိုင်း၊ အထံတော်၌ ခစားသော သူအပေါင်းတို့သည် ထွက်ကြ၏။

20. ထိုအခါ ရှင်ဘုရင်သည် ကိုယ်တိုင် တယောက်တည်းနေတတ်သော နွေနန်းဆောင်၌ ထိုင်နေစဉ်၊ ဧဟုဒသည် ချဉ်းကပ်၍ ကိုယ်တော်နှင့်ဆိုင်သော ဘုရားသခင်၏ အမိန့်တော်ပါပါ၏ဟု လျှောက်သော်၊ ရှင်ဘုရင်သည် ထလေ၏။

21. ဧဟုဒသည် လက်ဝဲလက်ကိုဆန့်လျက် သန်လျက်ကို လက်ျာပေါင်မှ ထုတ်၍ ရှင်ဘုရင်၏ဝမ်းကို ထိုးသဖြင့်၊

22. လက်ကိုင်အရိုးနှင့်တကွ သန်လျက်မြုပ်ဝင်၍၊ ဝမ်းထဲက မနှုတ်နိုင်အောင် ဆီဥသည် သန်လျက်ကိုလွှမ်းလျက်၊ ချေးနုလည်း ထွက်လျက်ရှိလေ၏။

23. ထိုအခါဧဟုဒသည် အခန်းပြင်သို့ ထွက်ပြီးလျှင် နန်းတော်တံခါးတို့ကို ပိတ်၍ သော့ခတ်လေ၏။

24. ထွက်သွားသောနောက်၊ ကျွန်တော်မျိုးအချို့တို့သည်လာ၍ နန်းတော်တံခါး၌ သော့ခတ်လျက်ရှိသည်ကို မြင်လျှင်၊ စင်စစ် နွေနန်းဆောင်၌ စက်တော်ခေါ်သည်ဟုဆိုလျက်၊

25. ရှက်ကြောက်သည်တိုင်အောင်ငံ့နေပြီးမှ၊ သူတို့အရှင်သည် တံခါးကို မဖွင့်သောကြောင့်၊ သူတို့သည် သော့ကိုယူ၍ဖွင့်ကြည့်သောအခါ၊ မြေပေါ်မှာ လဲ၍သေလျက်ရှိသော မိမိတို့အရှင်ကို တွေ့မြင်ကြ၏။

26. ထိုသို့ သူတို့သည်ငံ့နေကြစဉ်တွင်၊ ဧဟုဒသည် ဘေးလွတ်သဖြင့်၊ ကျောက်တိုင်တို့ကို လွန်၍ စိရပ်ရွာသို့ရောက်ပြီးမှ၊

27. ဧဖရိမ်တောင်ပေါ်မှာ တံပိုးကိုမှုတ်၍၊ ဣသရေလအမျိုးသားတို့သည် သူ့နောက်သို့လိုက်လျက် တောင်ပေါ်ကဆင်းကြ၏။

28. သူကလည်း ငါ့နောက်သို့ လိုက်ကြလော့။ ထာဝရဘုရားသည် သင်တို့၏ရန်သူမောဘလူတို့ကို သင်တို့လက်၌ အပ်တော်မူမည်ဟု ဆိုသည်အတိုင်း၊ သူ့နောက်မှာဆင်း၍ ယော်ဒန်မြစ်ကူးရာ မောဘပြည်သို့သွားရာလမ်းကို ဆီးတားသဖြင့်၊ လူတစုံတယောက်ကိုမျှ မကူးစေရ။

29. ထိုအခါခွန်အားကြီးသော မောဘစစ်သူရဲတယောက်မျှ မလွတ်ဘဲ၊ လူတသောင်းကိုသတ်၍၊

30. မောဘအမျိုးသည် ဣသရေလအမျိုးလက်၌ရှုံးသဖြင့်၊ အနှစ်ရှစ်ဆယ်တိုင်တိုင် တပြည်လုံး ငြိမ်းလေ၏။

31. ဧဟုဒနောက်မှာ အာနတ်သားရှံဂါပေါ်ထွန်း၍၊ တုတ်ချွန်နှင့် ဖိလိတ္တိလူခြောက်ရာတို့ကို သတ်သဖြင့်၊ ဣသရေလအမျိုးသားတို့ကို ကယ်လွှတ်လေ၏။