22. သို့ရာတွင် ဣသရေလအမျိုးသားတို့သည် ရဲရင့်သောစိတ်ကိုယူ၍ ပဌမနေ့တွင် စစ်ခင်းကျင်းသောအရပ်၌ တဖန်ခင်းကျင်းကြ၏။
23. ထာဝရဘုရားထံတော်သို့ သွား၍ ညဦးယံတိုင်အောင် ငိုကြွေးလျက်၊ အကျွန်ုပ်တို့ညီ ဗင်္ယာမိန်အမျိုးသားတို့ကို တဖန်စစ်တိုက်ရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော်၊ ထာဝရဘုရားက ချီသွားကြလော့ဟု မိန့်တော်မူ၏။
24. ဒုတိယနေ့တွင် ဣသရေလအမျိုးသားတို့သည် ဗင်္ယာမိန်အမျိုးတို့အနီးသို့ ချဉ်းကြသောအခါ၊
25. ဗင်္ယာမိန်အမျိုးသားတို့သည် ဂိဗာမြို့ထဲက ထွက်ပြီးလျှင်၊ ထားလက်နက်စွဲကိုင်သော ဣသရေလလူတသောင်းရှစ်ထောင်တို့ကို မြေပေါ်၌ လှဲ၍ သတ်ကြ၏။
26. ထိုအခါ ဣသရေလအမျိုးသားအပေါင်းတို့သည် ဘုရားသခင်အိမ်တော်သို့သွား၍ ငိုကြွေးလျက်၊ ထာဝရဘုရားထံတော်၌ ဝပ်လျက်၊ တနေ့လုံး ညဦးယံတိုင်အောင် အစာကိုရှောင်၍ ထာဝရဘုရားအား မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်ကြ၏။
27. ထိုကာလ၌ ဘုရားသခင်၏ ပဋိညာဉ်သေတ္တာတော်ပါလျက်၊ အာရုန်၏သားဖြစ်သော ဧလာဇာ၏သား ဖိနဟတ်သည်၊ သေတ္တာတော်ရှေ့မှာ အမှုစောင့်သည် ဖြစ်၍၊
28. ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့ ညီဗင်္ယာမိန်အမျိုးသားတို့ကို တဖန်သွား၍ တိုက်ရပါမည်လော၊ မသွားဘဲနေရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော်၊ ထာဝရဘုရားက သွားကြလော့။ နက်ဖြန်နေ့တွင် သူတို့ကို သင်တို့လက်၌ ငါအပ်မည်ဟု မိန့်တော်မူ၏။
29. ဣသရေလအမျိုးသားတို့သည် ဂိဗာမြို့ပတ်လည်၌ ကင်းစောင့်လူတို့ကို ထားပြီးမှ၊
30. တတိယနေ့တွင် ဗင်္ယာမိန်အမျိုးသားတို့ရှိရာသို့ ချီသွား၍၊ ယမန်ကဲ့သို့ ဂိဗာမြို့အနား၌ စစ်ခင်းကျင်းလျက် နေကြ၏။
31. ဗင်္ယာမိန်အမျိုးသားတို့သည် အတိုက်ထွက်၍ မြို့နှင့်ကွာသွားကြ၏။ ဗေသလမြို့သို့သွားသောလမ်း၊ ဂိဗာတောရွာသို့ သွားသောလမ်းတွင် ယမန်ကဲ့သို့ ဣသရေလအမျိုးသူရဲတို့ကို လုပ်ကြံစပြု၍ လူသုံးဆယ်ခန့်မျှ သေကြ၏။
32. ဗင်္ယာမိန်အမျိုးသားတို့က၊ သူတို့သည် ယမန်ကဲ့သို့ ငါတို့ရှေ့မှာရှုံးကြပြီဟု ဆိုသော်လည်း၊ ဣသရေလအမျိုးသားတို့က ပြေးကြကုန်အံ့၊ သူတို့ကို မြို့နှင့်ဝေးသော လမ်းတို့သို့ သွေးဆောင်ကြကုန်အံ့ဟု ဆိုလျက်၊
33. ဣသရေလလူအပေါင်းတို့သည် မိမိတို့နေရာအရပ်မှထ၍ ဗာလတာမာမြို့၌ စစ်ခင်းကြ၏။ ကင်းစောင့်လျက်နေသော ဣသရေလလူတို့သည်လည်း မိမိတို့နေရာ ဂိဗာလွင်ပြင်မှ ထကြသဖြင့်၊
34. ဣသရေလအမျိုးသား ယောက်ျားကောင်းတသောင်းတို့သည် ဂိဗာမြို့သို့ ချီလာ၍၊ ဗင်္ယာမိန်အမျိုးသားတို့သည် ဘေးရောက်လုနီးသည်ကို မရိပ်မိသောကြောင့်၊ ကျပ်တည်းစွာ ဆီး၍ တိုက်ကြ၏။