ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

သူ​ကြီး 19:16-29 Judson Bible (BJB)

16. ဂိဗာမြို့သားတို့သည် ဗင်္ယာမိန်အမျိုးသားဖြစ်ကြ၏။ သို့ရာတွင် တည်းခိုသော ဧဖရိမ်တောင်သား လူအိုတယောက်ရှိသည်ဖြစ်၍၊ ထိုသူသည် ညဦးယံ၌ လယ်လုပ်ရာမှလာစဉ်၊

17. မြော်ကြည့်၍၊ မြို့လမ်းမှာ ဧည့်သည်တယောက်ရှိသည်ကိုမြင်လျှင်၊ သင်သည် အဘယ်အရပ်သို့ သွားသနည်း၊ အဘယ်အရပ်ကလာသနည်းဟု မေးသော်၊

18. ကျွန်ုပ်တို့သည် ယုဒခရိုင်ဗက်လင်မြို့မှ ဧဖရိမ်တောင်ခါးပန်းသို့ သွား၏။ ကျွန်ုပ်သည် ဧဖရိမ်တောင်သားဖြစ်၏။ ဗက်လင်မြို့သို့ ခဏသွားပြီးမှ ယခုထာဝရဘုရား၏အိမ်တော်သို့ သွား၏။ အဘယ်သူမျှ ဧည့်မခံသေး။

19. သို့ရာတွင် မြည်းဘို့ မြက်ခြောက်နှင့် အခြားကျွေးစရာရှိ၏။ ကိုယ်နှင့် ကိုယ်တော် ကျွန်မလိုက်လာသော ငယ်သားဘို့ မုန့်နှင့်စပျစ်ရည်ရှိ၏။ တစုံတခုမျှ မလိုပါဟု ပြောဆို၏။

20. လူအိုကလည်း၊ သင်၌ ချမ်းသာရှိပါစေသော။ သင်လိုသမျှသည် ငါ့တာရှိစေတော့။ လမ်းမှာညဉ့်ကို မလွန်စေနှင့်ဟုဆိုလျက်၊

21. မိမိအိမ်သို့ ခေါ်သွင်း၍ မြည်းတို့ကို ကျွေးလေ၏။ သူတို့သည် ခြေကို ဆေး၍ စားသောက်ကြ၏။

22. ထိုသို့ ပျော်မွေ့လျက်နေကြသောအခါ၊ ထိုမြို့သား အဓမ္မလူအချို့တို့သည် အိမ်ကိုဝိုင်း၍ တံခါးကို ရိုက်ကြ၏။ အိမ်ရှင် လူအိုကိုလည်းခေါ်၍၊ သင့်အိမ်သို့ ဝင်သောယောက်ျားနှင့် ငါတို့သည် ဆက်ဆံလိုသည်ဖြစ်၍၊ ထုတ်ခဲ့လော့ဟု ဆိုကြ၏။

23. အိမ်ရှင်သည်လည်း ထွက်၍၊ ညီအစ်ကိုတို့၊ ဆိုးသောအမှုကို မပြုပါနှင့်။ ဤသူသည် အကျွန်ုပ်အိမ်၌တည်းခိုသောသူဖြစ်၍ အဓမ္မမပြုကြပါနှင့်။

24. အကျွန်ုပ်၌ သမီးကညာရှိပါ၏။ သူ၏မယားငယ်လည်းရှိပါ၏။ သူတို့ကို ထုတ်၍ပေးပါမည်။ သူတို့ကို ရှုတ်ချကြပါ။ အလိုရှိသည်အတိုင်း ပြုကြပါ။ ဤယောက်ျား၌ ဤမျှလောက်ဆိုးသောအမှုကို မပြုပါနှင့်ဟု တောင်းပန်သော်လည်း၊

25. သူတို့သည် နားမထောင်သောကြောင့်၊ လေဝိလူသည် မိမိမယားငယ်ကို ထုတ် အပ်သဖြင့်၊ သူတို့သည် တညဉ့်လုံးအဓမ္မပြု၍ နံနက်တိုင်အောင်ရှုတ်ချပြီးမှ အာရုဏ်တက်မှ လွှတ်လိုက်ကြ၏။

26. အာရုဏ်တက်သောအခါ၊ မိန်းမသည်လာ၍ မိမိသခင်နေရာ အိမ်တံခါးရှေ့မှာ မိုဃ်းလင်းသည်တိုင်အောင် လဲနေ၏။

27. နံနက်အချိန်ရောက်မှ သူ၏ သခင်သည်ထ၍ အိမ်တံခါးကို ဖွင့်သဖြင့်၊ ခရီးသွားအံ့သောငှါ ထွက်သောအခါ၊ မယားငယ်သည် အိမ်တံခါးရှေ့မှာလဲ၍ တံခါးခုံကိုလက်တင်လျက်ရှိသည် မြင်သော်၊

28. ထလော့။ သွားကြကုန်အံ့ဟု ဆိုသော်လည်း သူသည် ပြန်မပြောဘဲနေ၏။ ထိုအခါ ယောက်ျားသည် သူ့ကို မြည်းပေါ်မှာ တင်သဖြင့် မိမိနေရာသို့ သွားလေ၏။

29. မိမိအိမ်သို့ ရောက်သောအခါ ထားကိုယူ၍ မယားငယ်အကောင်ကို အရိုးနှင့်တကွ ဆယ်နှစ်ပိုင်းပိုင်း၍ ဣသရေလပြည်တရှောက်လုံးသို့ ပေးလိုက်လေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ သူ​ကြီး 19