ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

သူ​ကြီး 16:9-24 Judson Bible (BJB)

9. ယောက်ျားအချို့တို့သည် ထိုမိန်းမ၏ အိပ်ခန်းထဲမှ ချောင်းမြောင်းလျက် နေသည်ဖြစ်၍ မိန်းမက၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆိုသော်၊ သူသည် မီးထိသော ပိုက်ဆန်ချည်ကဲ့သို့ ထိုကြိုးတို့ကို ဖြတ်လေ၏။ သို့ဖြစ်၍ သူ၏ခွန်အားကို မသိရကြ။

10. ဒေလိလကလည်း၊ သင်သည် ငါ့ကို ကျီစား၍ မုသာကိုသာ ပြောပြီ။ သင့်ကို အဘယ်သို့ ချည်နှောင်ရမည်ကို ယခုပြောပါဟု ရှံဆုန်အား တောင်းပန်သော်၊

11. သူက၊ မသုံးဘူးသော ကြိုးသစ်နှင့် ကျပ်ကျပ်ချည်နှောင်လျှင် ငါ၌ ခွန်အားလျော့၍ အခြားသော သူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆိုသည်အတိုင်း၊

12. ဒေလိလသည် ကြိုးသစ်တို့ကို ယူ၍ ချည်နှောင်ပြီးမှ၊ ထိုအခန်း၌ ချောင်းမြောင်းသော သူအချို့ ရှိနေလျက်၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆိုသော်၊ ရှံဆုန်သည် လက်ရုံး၌ ချည်သော ကြိုးတို့ကို အပ်ချည်ကဲ့သို့ ဖြတ်လေ၏။

13. ဒေလိလကလည်း၊ ယခုတိုင်အောင် သင်သည် ငါ့ကို ကျီစား၍ မုသာကိုသာ ပြောပြီ။ အဘယ်သို့ ချည်နှောင်ရမည်ကို ပြောပါဟု ရှံဆုန်အားတောင်းပန်သော်၊ သူက၊ ငါ့ဆံပင်ခုနစ်စုတို့ကို ရက်ကန်းသား၌ ရက်သွင်း၍ ထရံတွင်စို့နှင့် ရိုက်ထားလျှင် ငါ၌ ခွန်အားလျော့၍ အခြားသောသူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆိုသည်အတိုင်း၊

14. ဒေလိလသည် သူ၏ဆံပင်ခုနစ်စုတို့ကို ရက်ကန်းသား၌ ရက်သွင်း၍ ထရံတွင်စို့နှင့် ရိုက်ထားပြီးမှ၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆိုသော်၊ ရှံဆုန်နိုး၍ ရက်ကန်းလက်လိပ်၊ စို့၊ ရက်ကန်းသားပါလျက် သွား၏။

15. ဒေလိလကလည်း၊ သင်သည် ငါ့ကို ချစ်သည်ဟု စိတ်နှလုံးမပါဘဲလျက် အဘယ်သို့ ပြောနိုင်သနည်း။ သင့်၌ ကြီးသော ခွန်အားသည် အဘယ်အရာအားဖြင့် တည်သည်ကို မပြော။ သုံးကြိမ်တိုင်အောင် ငါ့ကို ကျီစားပြီဟု ဆို၏။

16. ထိုသို့ ဒေလိလသည် နေ့တိုင်းပူဆာ၍ သူအသက် သေလုအောင် နှောင့်ရှက်သောကြောင့်၊

17. ရှံဆုန်သည် မိမိစိတ်နှလုံး၌ ရှိသမျှအတိုင်းပြော၍၊ ငါ့ဆံပင်ကို တခါမျှ မရိတ်သေး။ အမိဝမ်းထဲမှစ၍ ဘုရားသခင်၏ နာဇရိလူဖြစ်၏။ ငါ့ဆံပင်ကို ရိတ်လျှင် ငါ၌ခွန်အားလျော့၍ အခြားသောသူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆို၏။

18. ထိုသို့ မိမိစိတ်နှလုံးထဲမှာ ရှိသမျှအတိုင်း ပြောကြောင်းကို ဒေလိလသိလျှင်၊ ဖိလိတ္တိမင်းတို့ကို တဖန်ခေါ်၍၊ ယခုတခါ လာကြပါဦး။ သူသည် မိမိစိတ်နှလုံးရှိသမျှအတိုင်း ပြောပြီဟု မှာလိုက်သဖြင့်၊ သူတို့သည် ငွေကိုဆောင်ယူခဲ့လျက် လာကြ၏။

19. ဒေလိလသည် ရှံဆုန်ခေါင်းကို မိမိဒူးပေါ်မှာ တင်လျက် သူကို အိပ်စေသဖြင့်၊ လူတယောက်ကို ခေါ်၍ သူ၏ ဆံပင်ခုနစ်စုတို့ကို ရိတ်စေပြီးမှ၊ သူကို နှောင့်ရှက်စပြု၍ သူ၏ခွန်အားသည် လျော့ပျောက်၏။

20. မိန်းမကလည်း၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟု ဆိုသော်၊ ရှံဆုန်နိုး၍ ထာဝရ ဘုရား စွန့်တော်မူကြောင်းကို မရိပ်မိသောကြောင့်၊ အရင်ကဲ့သို့ ငါထွက်၍ အားထုတ်မည်ဟု အကြံရှိသော်လည်း၊

21. ဖိလိတ္တိလူတို့သည် ဘမ်းဆီး၍ သူ့မျက်စိကို ဖောက်ပြီးမှ ဂါဇမြို့သို့ ယူသွားပြီးလျှင် ကြေးဝါကြိုးနှင့် ချည်နှောင်၍ ထောင်အိမ်၌ ကြိတ်ဆုံနှင့် ကြိတ်စေကြ၏။

22. ရှံဆုန် ဆံပင်ရိတ်သောနောက်၊ တဖန် ပေါက်ပြန်သောအခါ၊

23. ဖိလိတ္တိမင်းတို့ကို၊ ငါတို့ဘုရားသည် ငါတို့ရန်သူကို ငါတို့လက်သို့ အပ်တော်မူပြီဟု ဆိုလျက်၊ သူတို့ ဘုရား ဒါဂုန်အားယဇ်ကြီးကို ပူဇော်၍ ပျော်မွေ့ခြင်းကို ပြုအံ့သောငှါ စည်းဝေးကြ၏။

24. လူများတို့သည် ရှံဆုန်ကို မြင်သောအခါ၊ ငါတို့ဘုရားသည် ငါတို့ပြည်ကို ဖျက်ဆီး၍၊ ပြည်သားအများတို့ကို သတ်သော ငါတို့၏ ရန်သူကို၊ ငါတို့လက်သို့ အပ်တော်မူပြီဟု မိမိတို့ဘုရားကို ချီးမွမ်းကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ သူ​ကြီး 16