ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

သုတ္တံကျမ်း။ 29:11-27 Judson Bible (BJB)

11. မိုက်သောသူသည် မိမိကြံစည်သမျှကို ဘော်ပြ တတ်၏။ပညာရှိသောသူမူကား၊ အဆင်မသင့်မှီ ထိမ်ဝှက် တတ်၏။

12. မင်းသည်မုသာစကားကို နားထောင်လျှင်၊ ကျွန် အပေါင်းတို့သည် လူဆိုးဖြစ်ကြလိမ့်မည်။

13. ဆင်းရဲသောသူနှင့် ညှဉ်းဆဲသောသူတို့သည် တွေ့ကြုံကြပြီ။ ထာဝရဘုရားသည် ထိုနှစ်ဦးတို့အား အလင်းကို ပေးသနားတော်မူ၏။

14. ဆင်းရဲသားတို့ကို တရားသဖြင့် စီရင်သော ရှင် ဘုရင်၏အာဏာတော်သည် အစဉ်အမြဲတည်တတ်၏။

15. ကြိမ်လုံးနှင့်ရိုက်ခြင်း၊ နှုတ်နှင့်ဆုံးမခြင်းအားဖြင့် ပညာတိုးပွါးတတ်၏။ တတ်တိုင်းနေစေသော သူငယ်သည် အမိကို အရှက်ခွဲတတ်၏။

16. မတရားသောသူတို့သည် များပြားသောအခါ၊ လွန်ကျူးခြင်းအပြစ်တိုးပွားတတ်၏။ သို့ရာတွင်၊ သူတို့ ပျက်စီးခြင်းကို ဖြောင့်မတ်သောသူတို့သည် မြင်ရကြ၏။

17. သင်၏သားကို ဆုံးမလော့။ သို့ပြုလျှင် သူသည် သင့်ကို ချမ်းသာပေးမည်။ ထိုမျှမက စိတ်ရွှင်လန်းစရာ အခွင့်ကို ပေးမည်။

18. ဗျာဒိတ်တော်မရှိလျှင်၊ လူတို့သည် အကျိုးနည်း ဖြစ်ကြ၏။ တရားတော်ကို စောင့်သောသူမူကား မင်္ဂလာ ရှိ၏။

19. စကားအားဖြင့်သာ ကျွန်ကို ဆုံးမ၍ မနိုင်ရာ။ သူသည် နားလည်သော်လည်း၊ နားမထောင်ဘဲ နေလိမ့် မည်။

20. သတိမရှိဘဲစကားများသော သူရှိလျှင်၊ ထိုသူ၌ မြော်လင့် စရာအခွင့်ရှိသည်ထက်၊ မိုက်သောသူ၌သာ၍ မြော်လင့်စရာ အခွင့်ရှိ၏။

21. ကျွန်သည်ငယ်သော အရွယ်မှစ၍ ပျော်ပါး အောင် ကျွေးမွေးခြင်းကိုခံရလျှင်၊ နောက်ဆုံး၌ သား အရာကို ရလိမ့်မည်။

22. စိတ်ဆိုးတတ်သောသူသည် ခိုက်ရန်မှုကို နှိုးဆော် တတ်၏။ ပြင်းထန်သောသူသည်လည်း၊ အလွန်အကျူး များတတ်၏။

23. မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချ သောသူမူကား၊ ဂုဏ်အသရေကိုရလိမ့်မည်။

24. သူခိုးကိုလက်ခံသောသူသည် မိမိအသက်ကိုမုန်း တတ်၏။ ကျိန်ဆိုခြင်းကိုပြုသော်လည်း၊ အမှုကိုမဘော် မပြတတ်။

25. လူကိုကြောက်ရွံ့ခြင်း သဘောသည် ကျော့ကွင်း ကို ထောင် တတ်၏။ ထာဝရဘုရားကို ခိုလှုံသောသူမူ ကား လုံခြုံလိမ့်မည်။

26. မင်းပြုသော ကျေးဇူးကိုများသောသူတို့သည် ကြိုးစား၍ ရှာတတ် ကြ၏။ သို့ရာတွင် ခပ်သိမ်းသောသူ တို့၏အမှုကို ထာဝရဘုရားစီရင် တော်မူ၏။

27. တရားသောသူသည် မတရားသောသူကို၎င်း၊ မတရားသော သူသည်တရားသဖြင့် ကျင့်သောသူကို၎င်း၊ စက်ဆုပ်ရွံရှာ တတ်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ သုတ္တံကျမ်း။ 29