ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 7:11-30 Judson Bible (BJB)

11. ထာဝရဘုရားအားပြုရသော မိဿဟာယယဇ်ပူဇော်ခြင်းတရားဟူမူကား၊

12. ကျေးဇူးတော်ဝန်ခံဘို့ရာပူဇော်လျှင်၊ ကျေးဇူးတော်ဝန်ခံရာယဇ်နှင့်တကွ ဆီရောသော တဆေးမဲ့မုန့်ပြား၊ ဆီနှင့်လုပ်သော တဆေးမဲ့မုန့်ကြွပ်၊ ဆီရောသော မုန့်ညက်နှင့် လုပ်၍ကြော်သောမုန့်ပြားတို့ကို ပူဇော်ရမည်။

13. ထိုမုန့်ပြားမှတပါး၊ မိဿဟာယပူဇော်သက္ကာနှင့်ဆိုင်သော ကျေးဇူးတော်ဝန်ခံရာယဇ်နှင့်တကွ၊ တဆေးပါသောမုန့်ကိုလည်း ပူဇော်ရမည်။

14. ပူဇော်သက္ကာရှိမျှအထဲကမုန့်တလုံးကို ထာဝရဘုရားအား ချီမြှောက်သော ပူဇော်သက္ကာပြု၍ ထိုမုန့်ကို မိဿဟာယယဇ် အသွေးဖြန်းသောယဇ်ပုရောဟိတ်ယူရမည်။

15. ကျေးဇူးတော်ဝန်ခံဘို့ရာ ပူဇော်သောမိဿဟာယယဇ်အသားကို၊ ပူဇော်သော နေ့ခြင်းတွင်စားရမည်။ နံနက်တိုင်အောင်မကြွင်းစေရ။

16. သို့မဟုတ် သစ္စာပြု၍ယဇ်ပူဇော်သည်ဖြစ်စေ၊ ကိုယ်အလိုအလျောက် ပူဇော်သည်ဖြစ်စေ၊ ပူဇော်သောနေ့ခြင်းတွင်၊ ယဇ်အသားကိုစား၍ အကြွင်းကိုလည်း နက်ဖြန်နေ့စားရမည်။

17. ကြွင်းသေးသောအသားကိုလည်း သန်ဘက်နေ့၌မီးရှို့ရမည်။

18. မိဿဟာယယဇ်အသားအနည်းငယ်ကို၊ သန်ဘက်နေ့၌စားမိလျှင် စိတ်တော်နှင့်မတွေ့။ ပူဇော်သောသူသည် အကျိုးကိုမရ။ ရွံရှာဘွယ်ဖြစ်လိမ့်မည်။ စားသောသူသည် ကိုယ်အပြစ်ကိုခံရလိမ့်မည်။

19. မစင်ကြယ်သောအရာနှင့် ထိမိသောယဇ်သားကိုမစားရ။ မီးရှို့ရမည်။ စင်ကြယ်သောသူတို့သာလျှင် ထိုယဇ်သားကို စားရကြမည်။

20. ထာဝရဘုရားနှင့်ဆိုင်သော မိဿဟာယယဇ်သားကို အကြင်သူသည် မစင်ကြယ်သောအပြစ်ရှိလျက်နှင့် စားမိ၏။ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။

21. အကြင်သူသည်လည်း၊ လူ၌မစင်ကြယ်သောအရာ၊ မစင်ကြယ်သောသား၊ မစင်ကြယ်သောပိုးရွအစရှိသော၊ မစင်ကြယ်သောအရာ တစုံတခုကိုထိမိ၍၊ ထာဝရဘုရားနှင့်ဆိုင်သော မိဿဟာယယဇ်သားကိုစား၏။ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်ဟု မိန့်တော်မူ၏။

22-23. တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ သင်တို့သည် သိုး၊ ဆိတ်၊ နွားဆီဥကို အလျှင်မစားရ၊

24. အလိုလိုသေသောတိရစ္ဆာန်ဆီဥ၊ သားရဲကိုက်၍သေသော တိရစ္ဆာန်ဆီဥကို အခြားဘို့သုံးရသော်လည်း၊ အလျှင်းမစားရ။

25. အကြင်သူသည် ထာဝရဘုရားအား မီးဖြင့်ပူဇော်သက္ကာပြုသော တိရစ္ဆာန်ဆီဥကို စား၏။ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။

26. သင်တို့သည် နေလေရာရာ၌ ငှက်သွေး၊ သားသွေးမှစ၍ အသွေးမည်မျှကိုမစားရ။

27. အကြင်သူသည် တစုံတခုသော အသွေးကိုစား၏။ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်ဟု မိန့်တော်မူ၏။

28. တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရားအား မိဿဟာယယဇ်ကိုပူဇော်သောသူသည်၊

29. မိမိပူဇော်သောယဇ်အထဲက၊ ထာဝရဘုရားအား ဆက်ဘို့ရာဆောင်ခဲ့ရမည်။

30. ထာဝရဘုရားရှေ့တော်၌ ရင်ပတ်ကိုချီလွှဲ၍၊ ချီလွှဲသောပူဇော်သက္ကာ ပြုစေခြင်းငှါ၊ ရင်ပတ်နှင့် ဆီဥတည်းဟူသောမီးဖြင့် ထာဝရဘုရားအား ပူဇော်သောအရာကို ကိုယ်တိုင်ဆောင်ခဲ့ရမည်။ 

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 7