အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 5 Judson Bible (BJB)

1. တစုံတယောက်သောသူသည် အမှုကိုမြင်သည်ဖြစ်စေ၊ သိသည်ဖြစ်စေ၊ ကျိန်ဆိုစေသောစကားကိုကြား၍၊ သက်သေဖြစ်လျက်နှင့် ပြန်မပြောဘဲနေသဖြင့် ပြစ်မှား၍၊ မိမိဒုစရိုက်အပြစ်ကိုခံရသော်၎င်း၊

2. တစုံတယောက်သောသူသည် မစင်ကြယ်သော သားရဲ၊ သားယဉ်၊ တွားတတ်သော တိရစ္ဆာန်၏အသေကောင် အစရှိသောမစင်ကြယ်သော အရာတစုံတခုကို အမှတ်တမဲ့ထိမိသဖြင့်၊ မစင်ကြယ်ရာသို့ရောက်၍ အပြစ်ရှိသော်၎င်း၊

3. လူ၌ကပ်သော မစင်ကြယ်သောအရာတစုံတခုကိုလည်း၊ မသိဘဲထိမိ၍ နောက်တဖန်သိလျှင်၊ အပြစ်ရှိရာသို့ရောက်သော်၎င်း၊

4. တစုံတယောက်သောသူသည် ကောင်းသောအမှု၊ မကောင်းသောအမှုကို ပြုမည်ဟု အကျိုးအပြစ်ကိုမသိဘဲ ကျိန်ဆိုလျက် သစ္စာပြု၍ နောက်တဖန်သိလျှင်၊ အရင်ကျိန်ဆိုလျက် သစ္စာပြုလေရာရာ၌ အပြစ်တစုံတခုရောက်သော်၎င်း၊

5. ထိုသို့သောအပြစ်တစုံတခု ရောက်လျှင်၊ ထိုအပြစ်ကို ဘော်ပြတောင်းပန်ရမည်။

6. ပြစ်မှားမိသောအပြစ်အတွက် အပြစ်ဖြေရာယဇ်ဖြစ်စေခြင်းငှါ သိုးသငယ်ဖြစ်စေ၊ ဆိတ်သငယ်ဖြစ်စေ၊ အမတကောင်ကောင်တည်းဟူသော ဒုစရိုက်ဖြေရာယဇ်ကို ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့ပြီးလျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူ၏အပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုရမည်။

7. သိုးသငယ်ကို မတတ်နိုင်လျှင်၊ ပြစ်မှားမိသောအပြစ်အတွက် အပြစ်ဖြေရာယဇ်ဘို့တကောင်၊ မီးရှို့ရာယဇ်ဘို့တကောင်၊ ခိုနှစ်ကောင်၊ သို့မဟုတ် ချိုးကလေးနှစ်ကောင်ကို ထာဝရဘုရားအထံတော်၊ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့ရမည်။

8. ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့ရမည်။ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာ ယဇ်ကောင်ကိုအရင်ပူဇော်လျက်၊ ခေါင်းကိုလိမ်၍ ဖြတ်ရမည်။ ကိုယ်ကို ရှင်းရှင်းမခွဲရ။

9. ထိုအပြစ်ဖြေရာယဇ်ကောင်အသွေးကို ယဇ်ပလ္လင်နံရံ၌ဖြန်း၍၊ ကြွင်းသော အသွေးကို ယဇ်ပလ္လင်ခြေရင်းနားမှာ ညှစ်ရမည်။ အပြစ်ဖြေရာယဇ်ဖြစ်သတည်း။

10. ဒုတိယငှက်ကောင်ကို၊ ပညတ်တရားအတိုင်း မီးရှို့ရာယဇ်ပူဇော်ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည်၊ ထိုသူပြစ်မှားမိသောအပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏အပြစ်လွတ်လိမ့်မည်။

11. ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တခုခုကိုမတတ်နိုင်လျှင်၊ ပြစ်မှားသောသူသည် အပြစ်ဖြေရာယဇ်အရာ၌ မုန့်ညက်တဩမဲကိုဆောင်ခဲ့၍၊ ဆက်ရမည်။ အပြစ်ဖြေရာယဇ်ဖြစ်သောကြောင့် ဆီကိုမလောင်းရ။ လောဗန်ကို မတင်ရ။

12. ယဇ်ပုရောဟိတ်ထံသို့ဆောင်ခဲ့ပြီးလျှင်၊ ယဇ်ပုရောဟိတ်သည် မုန့်ညက်တလက်ဆွန်းတည်းဟူသော ပူဇော်သက္ကာအတွက်အတာကိုယူ၍၊ ထာဝရဘုရားအားမီးဖြင့်ပြုသော ပူဇော်သက္ကာနှင့်အတူ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ အပြစ်ဖြေရာယဇ်ဖြစ်သတည်း။

13. ထိုသို့ယဇ်ပုရောဟိတ်သည်၊ ထိုသူပြစ်မှားမိသော အပြစ်တစုံတခုအတွက် အဖြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏အပြစ်လွှတ်လိမ့်မည်။ ကြွင်းသောအရာသည် ဘောဇဉ်ပူဇော်သက္ကာကဲ့သို့၊ ယဇ်ပုရောဟိတ်အဘို့ဖြစ်သည်ဟု မောရှေအား မိန့်တော်မူ၏။

14. တဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊

15. တစုံတယောက်သောသူသည် တရားကိုမသိ၊ ထာဝရဘုရားနှင့် ဆိုင်သောအရာတို့၌ လွန်ကျူးပြစ်မှားမိလျှင်၊ ထိုပြစ်မှားခြင်းအတွက် ဒုစရိုက်ဖြေရာယဇ်တည်းဟူသော အပြစ်မပါသောသိုးထီးကို၎င်း၊ အကျပ်တော်အလိုက် ချင့်တွက်၍ ချိန်သောအလျော်ငွေကို၎င်း၊ ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့ရမည်။

16. ထိုသို့ ဘုရားနှင့်ဆိုင်သောအရာ၌ ပြစ်မှားမိရာကိုပြုပြင်ပြီးလျှင်၊ ငါးစုတစုကိုလည်းထပ်၍ ယဇ်ပုရောဟိတ်အားပေးရမည်။ ယဇ်ပုရောဟိတ်သည်လည်း၊ ဒုစရိုက်ဖြေရာယဇ်ဖြစ်သော သိုးအားဖြင့်၊ ထိုသူအဘို့ အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏အပြစ်လွတ်လိမ့်မည်။

17. တစုံတယောက်သောသူသည်၊ ထာဝရဘုရားပညတ်တော်မူသော အမှုတစုံတခုကိုပြု၍ ပြစ်မှားမိလျှင်၊ ကိုယ်ပြစ်မှားမှန်းကိုမသိသော်လည်း၊ အပြစ်ရောက်၍၊ ထိုအပြစ်ကိုခံရမည်။ 

18. ဒုစရိုက်ဖြေရာယဇ်ကိုပြုခြင်းငှါ ချင့်တွက်သောအလျော်ငွေနှင့်တကွ၊ အပြစ်မပါသော သိုးထီးကိုဆောင်ခဲ့ရမည်။ တရားကိုမသိ ပြစ်မှားမိသော်လည်း၊ ကိုယ်ပြစ်မှားမှန်းကိုမသိသောသူအဘို့ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်းကို ပြုလျှင်၊ ထိုသူ၏အပြစ်လွတ်လိမ့်မည်။

19. ဒုစရိုက်ဖြေသောယဇ်ဖြစ်သတည်း။ အကယ်စင်စစ် ထိုသူသည် ထာဝရဘုရားကို ပြစ်မှားရာရောက်သတည်းဟု မိန့်တော်မူ၏။