16. လူသည် ကိုယ်ပိုင်သောလယ်ယာကို ထာဝရဘုရားအဘို့သန့်ရှင်းစေလျှင်၊ မုယောမျိုးစေ့ကြဲရသည်အတိုင်း အဘိုးပြတ်ရမည်။ မျိုးစေ့ တဩမဲကြဲရသော လယ်ကို၊ ငွေအကျပ်ငါးဆယ်နှင့် အဘိုးပြတ်ရမည်။
17. ယုဘိလနှစ်မှစ၍ မိမိလယ်ကိုသန့်ရှင်းစေလျှင်၊ ပြတ်သည်အတိုင်း အဘိုးရှိရမည်။
18. ယုဘိလနှစ်လွန်မှ မိမိလယ်ကိုသန့်ရှင်းစေလျှင်၊ နောင်ယုဘိလနှစ်မှီအောင် လိုသေးသောနှစ်ပေါင်းကို၊ ယဇ်ပုရောဟိတ်ရေတွက်၍ ပြတ်သောအဘိုးရင်းငွေကို လျှော့ရမည်။
19. မိမိလယ်ကို သန့်ရှင်းစေသောသူသည်ရွေးလိုလျှင်၊ ပြတ်သော အဘိုးရင်းနှင့် ငါးစုတစုကိုပေး၍ လယ်ကိုအပိုင်ယူရမည်။
20. သို့မဟုတ် လယ်ကိုမရွေးလို၊ အခြားသောသူအားရောင်းမိလျှင်၊ နောက်တဖန် မရွေးရ။
21. ယုဘိလနှစ်တွင် ထိုလယ်သည်အမှုလွတ်သောအခါ၊ ကျိန်ဆိုသောလယ်ကဲ့သို့၊ ထာဝရဘုရားအားသန့်ရှင်း၍ ယဇ်ပုရောဟိတ်၏ဥစ္စာဖြစ်ရမည်။
22. လူသည်ကိုယ်ပိုင်ရင်းမဟုတ်၊ ဝယ်သောလယ်ယာကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင်၊
23. ယုဘိလနှစ်တိုင်အောင်ပြတ်သောအဘိုးကို၊ ယဇ်ပုရောဟိတ်ရေတွက်၍၊ ထာဝရဘုရားအဘို့သန့်ရှင်းစေသောနေ့၌ အဘိုးပြတ်သောငွေကို ပေးရမည်။
24. ယုဘိလနှစ်ရောက်သောအခါ၊ ထိုလယ်ကိုအရင်ပိုင်၍ ရောင်းသောသူလက်သို့ ပြန်စေရမည်။
25. အဘိုးပြတ်လေရာရာ၌ အကျပ်တော်အလိုက်ပြတ်ရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ်ဖြစ်သတည်း။
26. ထာဝရဘုရား ပိုင်ထိုက်သောတိရစ္ဆာန်သားဦးကို၊ အဘယ်သူမျှ မသန့်ရှင်းစေရ။ နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ ထာဝရဘုရားဥစ္စာဖြစ်၏။
27. မစင်ကြယ်သောတိရစ္ဆာန်ဖြစ်လျှင်၊ အဘိုးပြတ်သည်အတိုင်းရွေး၍၊ ငါးစုတစုကို ထပ်၍ပေးရမည်။ မရွေးလိုလျှင်၊ အဘိုးပြတ်သည်အတိုင်းရောင်းရမည်။
28. သို့ရာတွင်လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ ကိုယ်ပိုင်ရင်းလယ်ဖြစ်စေ၊ ထာဝရဘုရားအားကျိန်ဆို၍ ပူဇော်သမျှကို မရောင်းမရွေးရ။ ကျိန်ဆို၍ ပူဇော်သမျှတို့သည် ထာဝရဘုရားအားအလွန်သန့်ရှင်းရမည်။