အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 27 Judson Bible (BJB)

1. တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

2. လူသည်သစ္စာဂတိပြု၍ပူဇော်လျှင်၊ ပူဇော်အပ်သောသူသည်၊ သင်အဘိုးပြတ်သည်အတိုင်း ထာဝရဘုရား၏ဘဏ္ဍာတော် ဖြစ်ရမည်။

3. သင်သည် အဘယ်မျှအဘိုးပြတ်ရမည်နည်းဟူမူကား၊ ယောက်ျားကို အသက်နှစ်ဆယ်မှသည် ခြောက်ဆယ်တိုင်အောင်၊ အကျပ်တော်အလိုက် ငွေအကျပ်ငါးဆယ်နှင့် အဘိုးပြတ်ရမည်။

4. မိန်းမဖြစ်လျှင်၊ ငွေအကျပ်သုံးဆယ်နှင့် အဘိုးပြတ်ရမည်။

5. အသက်ငါးနှစ်မှသည် ဆယ်နှစ်တိုင်အောင်၊ ယောက်ျားကို အကျပ်နှစ်ဆယ်၊ မိန်းမကိုအကျပ်တဆယ်နှင့် အဘိုးပြတ်ရမည်။

6. အသက်တလမှသည် ငါးနှစ်တိုင်အောင်၊ ယောက်ျားကို ငွေငါးကျပ်၊ မိန်းမကို သုံးကျပ်နှင့် အဘိုးပြတ်ရမည်။

7. အသက်ခြောက်ဆယ်လွန်လျှင်၊ ယောက်ျားကိုဆယ်ငါးကျပ်၊ မိန်းမကို တဆယ်နှင့် အဘိုးပြတ်ရမည်။

8. သင်အဘိုးပြတ်သည်အတိုင်း၊ မတတ်နိုင်လျှင်၊ ယဇ်ပုရောဟိတ်ထံသို့ ချဉ်းကပ်၍၊ ယဇ်ပုရောဟိတ်သည် သစ္စာဂတိပြုသောသူတတ်နိုင်သမျှအတိုင်း အဘိုးပြတ်ရမည်။

9. လူသည်တိရစ္ဆာန်ကို ထာဝရဘုရားအားပူဇော်လျှင်၊ ပူဇော်သမျှသည် သန့်ရှင်းရမည်။

10. ကောင်းသည်ဖြစ်စေ၊ ညံ့သည်ဖြစ်စေ၊ တကောင်အတွက် တကောင်ကို မလဲရ။ လဲလိုလျှင်၊ နှစ်ကောင်စလုံးသန့်ရှင်းရမည်။

11. ထာဝရဘုရားအားမပူဇော်အပ်၊ မစင်ကြယ်သောတိရစ္ဆာန်ဖြစ်လျှင်၊ ယဇ်ပုရောဟိတ်အားပြ၍၊

12. ကောင်းမကောင်းရှိသည်အလျောက်၊ ယဇ်ပုရောဟိတ်အဘိုးပြတ်ရမည်။ ယဇ်ပုရောဟိတ်ပြတ်သည်အတိုင်း အဘိုးရှိရမည်။

13. ပူဇော်သောသူသည်ရွေးလိုလျှင်၊ အဘိုးရင်းနှင့် ငါးစုတစုကို ထပ်၍ပေးရမည်။

14. လူသည်မိမိအိမ်ကို ထာဝရဘုရားအဘို့သန့်ရှင်းစေလျှင်၊ ကောင်းမကောင်းရှိသည်အလျောက်၊ ယဇ်ပုရောဟိတ်အဘိုးပြတ်ရမည်။ ယဇ်ပုရောဟိတ်ပြတ်သည်အတိုင်း အဘိုးရှိရမည်။

15. ထိုအိမ်ကို သန့်ရှင်းစေသောသူရွေးလိုလျှင်၊ ပြတ်သောအဘိုးရင်းနှင့် ငါးစုတစုကိုပေး၍ အိမ်ကိုယူရမည်။

16. လူသည် ကိုယ်ပိုင်သောလယ်ယာကို ထာဝရဘုရားအဘို့သန့်ရှင်းစေလျှင်၊ မုယောမျိုးစေ့ကြဲရသည်အတိုင်း အဘိုးပြတ်ရမည်။ မျိုးစေ့ တဩမဲကြဲရသော လယ်ကို၊ ငွေအကျပ်ငါးဆယ်နှင့် အဘိုးပြတ်ရမည်။

17. ယုဘိလနှစ်မှစ၍ မိမိလယ်ကိုသန့်ရှင်းစေလျှင်၊ ပြတ်သည်အတိုင်း အဘိုးရှိရမည်။

18. ယုဘိလနှစ်လွန်မှ မိမိလယ်ကိုသန့်ရှင်းစေလျှင်၊ နောင်ယုဘိလနှစ်မှီအောင် လိုသေးသောနှစ်ပေါင်းကို၊ ယဇ်ပုရောဟိတ်ရေတွက်၍ ပြတ်သောအဘိုးရင်းငွေကို လျှော့ရမည်။

19. မိမိလယ်ကို သန့်ရှင်းစေသောသူသည်ရွေးလိုလျှင်၊ ပြတ်သော အဘိုးရင်းနှင့် ငါးစုတစုကိုပေး၍ လယ်ကိုအပိုင်ယူရမည်။

20. သို့မဟုတ် လယ်ကိုမရွေးလို၊ အခြားသောသူအားရောင်းမိလျှင်၊ နောက်တဖန် မရွေးရ။

21. ယုဘိလနှစ်တွင် ထိုလယ်သည်အမှုလွတ်သောအခါ၊ ကျိန်ဆိုသောလယ်ကဲ့သို့၊ ထာဝရဘုရားအားသန့်ရှင်း၍ ယဇ်ပုရောဟိတ်၏ဥစ္စာဖြစ်ရမည်။

22. လူသည်ကိုယ်ပိုင်ရင်းမဟုတ်၊ ဝယ်သောလယ်ယာကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင်၊

23. ယုဘိလနှစ်တိုင်အောင်ပြတ်သောအဘိုးကို၊ ယဇ်ပုရောဟိတ်ရေတွက်၍၊ ထာဝရဘုရားအဘို့သန့်ရှင်းစေသောနေ့၌ အဘိုးပြတ်သောငွေကို ပေးရမည်။

24. ယုဘိလနှစ်ရောက်သောအခါ၊ ထိုလယ်ကိုအရင်ပိုင်၍ ရောင်းသောသူလက်သို့ ပြန်စေရမည်။

25. အဘိုးပြတ်လေရာရာ၌ အကျပ်တော်အလိုက်ပြတ်ရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ်ဖြစ်သတည်း။

26. ထာဝရဘုရား ပိုင်ထိုက်သောတိရစ္ဆာန်သားဦးကို၊ အဘယ်သူမျှ မသန့်ရှင်းစေရ။ နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ ထာဝရဘုရားဥစ္စာဖြစ်၏။

27. မစင်ကြယ်သောတိရစ္ဆာန်ဖြစ်လျှင်၊ အဘိုးပြတ်သည်အတိုင်းရွေး၍၊ ငါးစုတစုကို ထပ်၍ပေးရမည်။ မရွေးလိုလျှင်၊ အဘိုးပြတ်သည်အတိုင်းရောင်းရမည်။

28. သို့ရာတွင်လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ ကိုယ်ပိုင်ရင်းလယ်ဖြစ်စေ၊ ထာဝရဘုရားအားကျိန်ဆို၍ ပူဇော်သမျှကို မရောင်းမရွေးရ။ ကျိန်ဆို၍ ပူဇော်သမျှတို့သည် ထာဝရဘုရားအားအလွန်သန့်ရှင်းရမည်။

29. လူကိုပင် ကျိန်ဆို၍ပူဇော်လျှင်၊ နောက်တဖန်မရွေးရ၊ သတ်ရမည်။

30. စပါးဖြစ်စေ၊ သစ်သီးဖြစ်စေ၊ မြေကဖြစ်သမျှသောအသီးအနှံ ဆယ်စုတစုသည် ထာဝရဘုရား၏ဘဏ္ဍာတော်ဖြစ်၏။ ထာဝရဘုရားအဘို့သန့်ရှင်းရမည်။

31. ဆယ်စုတစုကိုရွေးလိုလျှင်၊ အဘိုးရင်းနှင့်ငါးစုတစုကို ထပ်၍ပေးရမည်။

32. နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ ကြိမ်လုံးအောက်၌သွားသမျှသော အကောင် ဆယ်စုတစုသည်၊ ထာဝရဘုရားအဘို့ သန့်ရှင်းရမည်။

33. ကောင်းသလော၊ ညံ့သလောဟုမမေးမစစ်ရ။ တကောင်အတွက် တကောင်ကို မလဲရ။ လဲလိုလျှင် နှစ်ကောင်စလုံးသန့်ရှင်းရမည်။ အလျှင်းမရွေးရဟု မိန့်တော်မူ၏။

34. ဤရွေ့ကား ထာဝရဘုရားသည်၊ သိနာတောင်ပေါ်မှာ ဣသရေလအမျိုးသားတို့အဘို့ မောရှေ၌ထားတော်မူသော ပညတ်တော်များ ဖြစ်သတည်း။ရှင်မောရှေစီရင်ရေးထားသော ဝတ်ပြုရာကျမ်းပြီး၏။