အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 25 Judson Bible (BJB)

1. တဖန်သိနာတောင်ပေါ်မှာ၊ မောရှေအားထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

2. သင်တို့သည် ငါပေးသောပြည်သို့ရောက်သောအခါ၊ ထိုပြည်သည် ထာဝရဘုရားအဘို့ ဥပုသ်စောင့်ရမည်။

3. ခြောက်နှစ်ပတ်လုံးလယ်လုပ်လျက် စပျစ်ဥယျာဉ်ကိုသုတ်သင်၍ အသီးကို သိမ်းလျက်နေရမည်။

4. သတ္တမနှစ်သည်၊ ထာဝရဘုရားအဘို့ဥပုသ်နှစ်၊ တပြည်လုံးငြိမ်ဝပ်စွာနေ၍ ဥပုသ်စောင့်ရသောနှစ်ဖြစ်၏။ လယ်မလုပ်ရ၊ စပျစ်ဥယျာဉ်ကိုမသုတ်သင်ရ၊

5. လယ်၌ အလိုလိုပေါက်သောအသီးအနှံကိုမျှ မရိတ်ရ။ မသုတ်သင်သော စပျစ်ဥယျာဉ်အသီးကိုမျှ မဆွတ်ရ။ တပြည်လုံး ငြိမ်ဝပ်စွာနေရသောနှစ်ဖြစ်၏။

6. ပြည်ဥပုသ်တည်းဟူသော အလိုလိုဖြစ်ပွားသောအရာရှိသမျှသည်၊ သင်ကိုယ်မှစ၍ သင်၏ကျွန်၊ ကျွန်မ၊ သူငှါး၊ ဧည့်သည်စားစရာ၊

7. သင်၏ပြည်၌ရှိသောသားယဉ် သားရဲစားစရာဖြစ်ရသည်။

8. ဥပုသ်နှစ် ခုနစ်နှစ်ကိုရေတွက်၍၊ ခုနစ်နှစ် ခုနစ်လီတည်းဟူသော လေးဆယ်ကိုးနှစ်စေ့ပြီးမှ၊

9. သတ္တမလဆယ်ရက်နေ့၊ အပြစ်ဖြေခြင်းပြုရာနေ့၌၊ ယုဘိလတံပိုးကို တပြည်လုံး မှုတ်စေရမည်။

10. ငါးဆယ်မြောက်သောနှစ်ကိုသန့်ရှင်းစေသဖြင့်၊ တပြည်လုံး၌ ပြည်သားအပေါင်းတို့အား၊ လွတ်ရာအခွင့်ကိုကြွေးကြော်ရမည်။ ယုဘိလနှစ်ဖြစ်၍၊ လူတိုင်းမိမိပိုင်သောမြေ၊ မိမိအဆွေအမျိုးထံသို့ ပြန်ရမည်။

11. ငါးဆယ်မြောက်သောနှစ်သည် ယုဘိလနှစ်ဖြစ်သောကြောင့် လယ်မလုပ်ရ။ အလိုလိုပေါက်သော အပင်ကိုမျှမရိတ်ရ။ မသုတ်သင်သော စပျစ်ဥယျာဉ်အသီးကိုမျှ မဆွတ်ရ။

12. ယုဘိလနှစ်သည် သန့်ရှင်းသောနှစ်ဖြစ်သောကြောင့်၊ လယ်၌ရသော အသီးအနှံကိုသာစားရမည်။

13. ယုဘိလနှစ်တွင် လူတိုင်းမိမိပိုင်သော မြေသို့ ပြန်ရမည်။

14. သင်တို့သည် အချင်းချင်းရောင်းဝယ်မှုကိုပြုလျှင်၊ တယောက်ကို တယောက် မညှဉ်းဆဲရ။

15. ယုဘိလနှစ်လွန်၍ လိုသေးသောနှစ်ပေါင်း၊ အသီးအနှံသီးလတံ့သော နှစ်ပေါင်းကိုရေတွက်၍ ရောင်းဝယ်မှုကိုပြုရမည်။

16. ထိုသို့ အသီးသီးရသော နှစ်များကိုလိုက်၍ရောင်းသောကြောင့်၊ နှစ်ပေါင်း အနည်းအများအလိုက်အဘိုးလျော့လျက်၊ တိုးလျက်ရောင်းဝယ်ရမည်။

17. သင်တို့သည် တယောက်ကိုတယောက် မညှဉ်းဆဲရ။ သင်တို့၏ ဘုရားသခင်ကိုကြောက်ရွံ့ရမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်၏။

18. သင်တို့သည် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကိုကျင့်စောင့်လျှင်၊ ထိုပြည်၌ ဘေးလွတ်လျက်နေရကြလိမ့်မည်။

19. မြေသည်လည်း မိမိအသီးအနှံကိုပေးသဖြင့်၊ သင်တို့သည် ဝစွာစား၍ ဘေးလွတ်လျက် နေရကြလိမ့်မည်။

20. သင်တို့ကလည်း၊ သတ္တမနှစ်တွင် ငါတို့သည် အဘယ်သို့စားရမည်နည်း။ လယ်မလုပ်ရ။ အသီးအနှံကိုမသိမ်းရပါတကားဟုဆိုလျှင်၊

21. ဆဌမနှစ်တွင် သင်တို့ကိုငါကောင်းကြီးပေး၍၊ ထိုနှစ်တွင် သုံးနှစ်အဘို့ အသီးအနှံကိုဖြစ်စေမည်။

22. သင်တို့သည် အဋ္ဌမနှစ်တွင်လယ်လုပ်၍ နဝမနှစ်တွင် အသီးအနှံကိုသိမ်းရာ ကာလတိုင်အောင် ဟောင်းသောအသီးအနှံကို စားရကြမည်။

23. မြေကို သူတပါးအစဉ်ပိုင်စေခြင်းငှါ မရောင်းရ။ မြေသည်ငါ့ဥစ္စာဖြစ်၏။ သင်တို့သည် ငါ၌တည်းသော ဧည့်သည်အာဂန္တုဖြစ်ကြ၏။

24. သင်တို့သည် မြေကိုပိုင်လေရာရာ၌ ရွေးနှုတ်ရသောအခွင့်ကို ပေးရကြမည်။

25. သင်၏အမျိုးသားချင်းသည်ဆင်းရဲ၍၊ မိမိပိုင်သောမြေကိုရောင်းလျှင်၎င်း၊ သူ၏ပေါက်ဘော်တစုံတယောက်သည် ဝယ်ခြင်းငှါလာလျှင်၎င်း၊ မိမိပေါက်ဘော် ရောင်းသောဥစ္စာကို ရွေးနှုတ်ရသောအခွင့်ရှိရမည်။

26. ထိုမြေကို ရွေးနှုတ်သောသူတယောက်မျှမပေါ်မရှိ၍၊ မြေရှင်ဟောင်းသည် ကိုယ်တိုင်ရွေးနှုတ်နိုင်လျှင်၊

27. မိမိမြေသို့ ပြန်အံ့သောငှါ၊ ရောင်း၍လွန်သော နှစ်ပေါင်းကိုရေတွက်ပြီးမှ၊ လိုသေးသောအဘိုးကို အထက်ကရောင်းခဲ့သောသူအား ပြန်ပေးရမည်။

28. ပြန်၍မပေးနိုင်လျှင် ရောင်းခဲ့သောဥစ္စာကို ယုဘိလနှစ်တိုင်အောင် ဝယ်သောသူလက်၌ ရှိစေရမည်။ ယုဘိလနှစ်တွင် လက်လွှတ်၍ အရှင်ဟောင်းလက်သို့ ရောက်စေရမည်။

29. မြို့ထဲ၌ရှိသောအိမ်ကို အိမ်ရှင်ရောင်းလျှင်၊ တနှစ်အတွင်းတွင် ရွေးနှုတ်သော အခွင့်ရှိစေရမည်။

30. တနှစ်အတွင်းတွင်မရွေးနှုတ်လျှင်၊ ထိုအိမ်ကိုဝယ်သောသူမှစ၍ သားစဉ်မြေးဆက်တို့သည် အမြဲပိုင်ရကြမည်။ ယုဘိလနှစ်ရောက်သော်လည်း လက်မလွှတ်ရ။

31. မြို့ရိုးမရှိ၊ ရွာ၌ရှိသောအိမ်ကို လယ်ယာကဲ့သို့မှတ်၍ ရွေးနှုတ်ရသော အခွင့်ရှိ၏။ ယုဘိလနှစ်ရောက်သောအခါ လက်လွှတ်ရမည်။

32. သို့ရာတွင် လေဝိသားပိုင်သောမြို့နှင့် မြို့အိမ်တို့ကို၊ အဘယ်ကာလအချိန်မဆိုဘဲ ရွေးနှုတ်ရသောအခွင့်ရှိ၏။

33. လေဝိသားပိုင်သောမြို့ကို၎င်း၊ အိမ်ကို၎င်း၊ သူတပါးဝယ်လျှင်၊ ယုဘိလနှစ်ရောက်သောအခါ လက်လွှတ်ရမည်။ အကြောင်းမူကား၊ ဣသရေလ လူအမျိုးသားတို့တွင်လေဝိသားတို့သည်၊ ကိုယ်နေရာမြို့အိမ်မှတပါး အခြားသော ဥစ္စာမရှိ။

34. သို့ဆိုသော်လည်း၊ လေဝိသားမြို့နယ်၌ရှိသောလယ်ယာတို့ကို မရောင်းရ။ အစဉ်အမြဲပိုင်ရမည်။

35. သင်၏အမျိုးသားချင်းသည် ဆင်းရဲ၍လက်အားလျော့သဖြင့် တပါးအမျိုးသား ဧည့်သည်အာဂန္တုကဲ့သို့ဖြစ်လျှင်၊ သင့်ထံမှာနေစေခြင်းငှါ သူ့ကိုမစရမည်။

36. သူ၌ အတိုးအပွားကိုမယူရ။ သင်၏အမျိုးသားချင်းသည် သင့်ထံမှာ နေစေခြင်းငှါ၊ သင်၏ဘုရားသခင်ကိုကြောက်ရွံ့လော့။

37. အတိုးအပွါးကိုမြော်လင့်၍ ငွေကို၎င်း၊ စားစရာကို၎င်း၊ သူ၌မချေးမငှါးရ။

38. ငါသည် ခါနာန်ပြည်ကိုသင်တို့အားပေး၍၊ သင်တို့၏ ဘုရားသခင်ဖြစ်အံ့သောငှါ၊ သင်တို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်သော သင်တို့၏ ဘုရားသခင်၏ထာဝရဘုရားဖြစ်၏။

39. သင်၏အမျိုးသားချင်းသည်ဆင်းရဲ၍ သင်၌အရောင်းခံလျှင်၊ အစေခံကျွန်ကိုပြုသကဲ့သို့ သူ့ကိုအနိုင်မပြုရ။

40. သူသည်သူငှါးကဲ့သို့၎င်း၊ ဧည့်သည်ကဲ့သို့၎င်း၊ သင့်ထံမှာနေ၍ ယုဘိလနှစ်တိုင်အောင် အစေခံရမည်။

41. ထိုအခါ သူသည်သားသမီးနှင့်တကွထွက်၍၊ မိမိအဆွေအမျိုး၊ မိမိ ဘိုးဘပိုင်သောမြေသို့ပြန်ရမည်။

42. အကြောင်းမူကား၊ သူတို့သည်အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော ငါ၏အမှုထမ်းဖြစ်၍၊ အစေခံကျွန်ဖြစ်စေခြင်းငှါ၊ မရောင်းရ။

43. သူ့ကို ကြမ်းတမ်းစွာမစီရင်ရ။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။

44. သင်သည်စေခိုင်းသောကျွန်၊ ကျွန်မတို့ကို၊ သင့်ပတ်လည်ဝန်းကျင်တို့၌ နေသောသာသနာပလူတို့တွင် ဝယ်ရမည်။

45. ထိုမှတပါး၊ သင်တို့တွင်တည်းနေသော တကျွန်းတနိုင်ငံသားတို့ကို၎င်း၊ သင်တို့ပြည်၌ သူတို့ရသောသားသမီးများကို၎င်း ဝယ်၍ပိုင်ရမည်။

46. သူတို့သည်ကျွန်သားပေါက်ဖြစ်၍၊ သင်တို့နှင့် သင်တို့သားသမီးတို့သည် အမွေခံ၍ပိုင်ရမည်။ ကိုယ်အမျိုးသားချင်းတည်းဟူသော ဣသရေလအမျိုးသားဖြစ်လျှင်၊ တယောက်ကိုတယောက် ကြမ်းတမ်းစွာမစီရင်ရ။

47. သင့်အနားမှာတည်းနေသော တကျွန်းတနိုင်ငံသားသည် ငွေရတတ်၍ သူ၏အနားမှာနေသော သင်၏အမျိုးသားချင်းဆင်းရဲသဖြင့်၊ သင့်အနားမှာ တည်းနေသော တကျွန်းတနိုင်ငံသား၌၎င်း၊ သူ၏သားမြေး၌၎င်း၊ ကိုယ်ကိုရောင်းချလျှင်၊

48. ရောင်းပြီးမှ ရွေးနှုတ်သောအခွင့်ရှိစေရမည်။ မိမိအမျိုးသား တစုံတယောက်သည်ရွေးနှုတ်ရမည်။

49. ဘကြီး၊ ဘထွေး၊ ညီအစ်ကိုတော်မှစ၍ အဆွေအမျိုးပေါက်ဘော်ရင်း တစုံတယောက်သည် ရွေးနှုတ်ရမည်။ ကိုယ်တိုင်တတ်နိုင်လျှင်လည်း ကိုယ်ကိုရွေးနှုတ်ရမည်။

50. သခင်နှင့် ကျွန်တို့သည်၊ ရောင်းဝယ်သောနှစ်မှစ၍ ယုဘိလနှစ်တိုင်အောင် နှစ်ပေါင်းကို ရေတွက်ပြီးလျှင်၊ နှစ်ပေါင်းအနည်းအများကိုထောက်၍၎င်း၊ သူငှါးလုပ်ရသည်ကာလကိုထောက်၍၎င်း၊ ကိုယ်အဘိုးကိုစီရင်ရမည်။

51. ယုဘိလနှစ်မရောက်မှီ၊ အစေခံရသော နှစ်ပေါင်းအနည်းအများကို ရေတွက်၍၊

52. လိုသေးသော နှစ်ပေါင်းအနည်းအများအလိုက် ရွေးရန်အဘိုးကို၊ ဝယ်ရင်းငွေထဲက နှုတ်၍ပြန်ပေးရမည်။

53. ထိုသူသည် တနှစ်နောက်တနှစ်၊ သူငှါးကဲ့သို့နေရမည်။ သင့်မျက်မှောက်၌ ညှဉ်းဆဲခြင်းကိုမခံရ။

54. ထိုသို့သောနည်းဖြင့်မရွေးမနှုတ်လျှင်၊ ယုဘိလနှစ်ရောက်သောအခါ၊ သူ့ကိုသားမယားနှင့်တကွ သခင်လက်မှလွှတ်ရမည်။

55. အကြောင်းမူကား ဣသရေလအမျိုးသားတို့သည်၊ ငါ၏အမှုထမ်းဖြစ်ကြ၏။ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်ခဲ့သော ငါ၏အမှုထမ်းဖြစ်ကြ၏။ ငါသည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။