ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 23:18-34 Judson Bible (BJB)

18. ထိုမုန့်နှင့်တကွ အခါမလည်အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်၊ နွားသငယ်အထီးတကောင်၊ ဆိတ်နှစ်ကောင်ကိုဆက်၍၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာနှင့်တကွ၊ ထာဝရဘုရားအားမွှေးကြိုင်ရာဘို့ မီးဖြင့်ပြုသောပူဇော်သက္ကာတည်းဟူသောမီးရှိုရာယဇ်ကို ထာဝရဘုရားအား ပူဇော်ရမည်။

19. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို၎င်း၊ မိဿဟာယယဇ်ဘို့ အခါမလည်သောသိုးသငယ်နှစ်ကောင်ကို၎င်း ပူဇော်၍၊

20. ယဇ်ပုရောဟိတ်သည် အဦးသီးသောအသီးမုန့်နှင့်တကွ ချီလွှဲသဖြင့်၊ သိုးသငယ်နှစ်ကောင်ပါလျက် ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာပြုရမည်။ ထိုအရာတို့သည်လည်း၊ ယဇ်ပုရောဟိတ်အဘို့ ထာဝရဘုရားရှေ့မှာ သန့်ရှင်းသော အရာဖြစ်သတည်း။

21. ထိုနေ့၌လည်းဓမ္မစည်းဝေးခြင်းကို စီရင်ရကြမည်။ လောကီအလုပ်ကို မလုပ်ရ။ သင်တို့နေရာအရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်ဖြစ်သတည်း။

22. ကိုယ်မြေ၌ ဖြစ်သောစပါးကိုရိတ်သောအခါ၊ လယ်ထောင့်တို့ကို အကုန်အစင် မရိတ်ရ။ သိမ်းရာတွင်ကျန်ကြွင်းသောအရာကို ပြန်၍မကောက်မသိမ်းရ။ ထိုအရာကို ဆင်းရဲသောသူ၊ ဧည့်သည်အာဂန္တုအဘို့ချန်ခြွင်းရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။

23. တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

24. သင်တို့သည်သတ္တမလ၊ ပဌမနေ့ရက်၌တံပိုးမှုတ်ပွဲ၊ ဓမ္မစည်းဝေးခြင်းကို ပြုရသောဥပုသ်နေ့ကို စောင့်ရကြမည်။

25. လောကီအလုပ်ကိုမလုပ်ရ။ ထာဝရဘုရားအားမီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ရမည်ဟု မိန့်တော်မူ၏။

26. တဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊

27. သတ္တမလ၊ ဒသမနေ့သည်လည်းအပြစ်ဖြေရာနေ့၊ ဓမ္မစည်းဝေးခြင်းကို ပြုသောနေ့ဖြစ်၏။ ခြိုးခြံစွာကျင့်ရမည်။ ထာဝရဘုရားအားမီးဖြင့်ပြုသော ပူဇော်သက္ကာကိုဆက်ကပ်ရမည်။

28. ထိုနေ့၌ အဘယ်အလုပ်ကိုမျှမလုပ်ရ။ သင်တို့ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ကိုယ်အပြစ်ဖြေခြင်းကို ပြုရသောနေ့ဖြစ်၏။

29. ထိုနေ့၌ ခြိုးခြံစွာမကျင့်သောသူမည်သည်ကား မိမိအမျိုးမှပယ်ရှင်းခြင်းကို ခံရမည်။

30. ထိုနေ့၌ အလုပ်တစုံတခုကိုလုပ်သောသူ မည်သည်ကို၊ သူ၏အမျိုးမှ ငါပယ်ရှားဖျက်ဆီးမည်။

31. အဘယ်အလုပ်ကိုမျှမလုပ်ရ။ သင်တို့နေရာအရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်တော်ဖြစ်သတည်း။

32. ထိုနေ့သည် ငြိမ်ဝပ်စွာနေရသောနေ့၊ ခြိုးခြံစွာကျင့်ရသောနေ့ဖြစ်၏။ နဝမနေ့ ညဦးမှစ၍ နက်ဖြန်ညဦးတိုင်အောင် ဥပုသ်စောင့်ရမည်ဟုမိန့်တော်မူ၏။

33. တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

34. သင်တို့သည်သတ္တမလ၊ ဆယ်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဘို့ သကေနေပွဲကိုခံရကြမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 23