ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 19:20-36 Judson Bible (BJB)

20. ထိမ်းမြားဆောင်နှင်းလျက်၊ မရွေးမလွှတ်သေးသောကျွန်မိန်းမနှင့် သင့်နေသောသူသည် ရိုက်နှက်ခြင်းကိုခံရမည်။ ထိုမိန်းမသည် သူ့ကျွန်ဖြစ်သောကြောင့် သေပြစ်နှင့် လွတ်ရမည်။

21. ယောက်ျားသည်လည်း၊ ဒုစရိုက်ဖြေရာယဇ်ဘို့ သိုးထီးတကောင်ကို ပရိသတ်စည်းဝေးရာတဲတော်တံခါးနား ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရမည်။

22. ထိုယောက်ျားပြုမိသောအပြစ်ကိုဖြေခြင်းငှါ၊ ဒုစရိုက်ဖြေရာယဇ်သိုးကို၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့မှာပူဇော်ရမည်။ ထိုယောက်ျားသည် အပြစ်လွတ်ခြင်းသို့ရောက်လိမ့်မည်။

23. သင်တို့သည် ငါပေးသောပြည်သို့ရောက်၍၊ စားအပ်သောအပင်အမျိုးမျိုးကို စိုက်ပြီးမှ၊ သုံးနှစ်ပတ်လုံးသီးသောအသီးကို၊ အရေဖျားလှီးခြင်းကို မခံသော အသီးဟူ၍ မှတ်ရမည်။ ထိုအသီးကိုမစားရ။

24. စတုတ္ထနှစ်တွင် သီးသောအသီးရှိသမျှသည်သန့်ရှင်း၍၊ ထာဝရဘုရား၏ ကျေးဇူးတော်ကိုချီးမွမ်းဘို့ရာ ဖြစ်ရမည်။

25. ပဥ္စမနှစ်တွင် သီးသောအသီးကိုစားရမည်။ ထိုသို့ပြုလျှင် အပင်တို့သည် သာ၍သီးကြလိမ့်မည်။ ငါသည်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။

26. အသွေးပါသော အသေကောင်ကိုမစားရ။ မကောင်းသော အတတ်ကိုမပြုစုရ။ ကာလဗေဒင်ကိုမကြည့်ရ။

27. ဦးခေါင်းအနားပတ်လည်၌ ဆံပင်ကိုဝန်း၍မရိတ်ရ။ ပါးမုန်းကိုလည်းမရိတ်ရ။

28. သေသောသူအတွက် ကိုယ်အသားကိုမခုတ်မရှရ။ သံပူမထိုးရ။ ငါသည် ထာဝရဘုရားဖြစ်၏။

29. ကိုယ်သမီးကိုပြည်တန်ဆာဖြစ်စေခြင်းငှါ မရှုတ်မချရ။ သို့ပြုလျှင် တပြည်လုံးသည် မတရားသောမေထုန်သို့လိုက်၍၊ အဓမ္မအမှုနှင့်ပြည့်လိမ့်မည်။

30. ငါ့ဥပုသ်နေ့တို့ကိုစောင့်၍၊ ငါ့သန့်ရှင်းရာဌာနတော်ကိုရိုသေရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။

31. ကိုယ်ကိုကိုယ်ညစ်ညူးစေခြင်းငှါ၊ နတ်ဝင်သူကိုမမှီဝဲရ။ စုန်းလုပ်သူကိုလည်း မရှာဖွေရ။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။

32. ဆံပင်ဖြူသောသူရှေ့မှာထရမည်။ အသက်ကြီးသောသူ၏မျက်နှာကို ရိုသေရမည်။ သင်၏ဘုရားသခင်ကို ကြောက်ရွံရမည်။ ငါသည်ထာဝရဘုရားဖြစ်၏။

33. သင်၏ပြည်၌တည်းနေသောဧည့်သည်ကို မညှဉ်းဆဲရ။

34. သင်နှင့်အတူနေသောဧည့်သည်ကို ကိုယ်အမျိုးသားချင်းကဲ့သို့ မှတ်ရမည်။ ကိုယ်နှင့်အမျှချစ်ရမည်။ သင်တို့သည် အဲဂုတ္တုပြည်၌ဧည့်သည်ဖြစ်ကြဘူးပြီ။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။

35. တိုင်းထွာသောအမှု၊ ချိန်တွယ်သောအမှု၊ ခြင်တွက်သောအမှု၌ မတရားစွာ မပြုရ။

36. မှန်သောချိန်ခွင်၊ မှန်သောအလေး၊ မှန်သောဧဖာ၊ မှန်သောဟိန်တို့ကို သုံးရမည်။ ငါသည်သင်တို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်သော သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 19