ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 17:2-14 Judson Bible (BJB)

2. သင်သည် အာရုန်နှင့် သူ၏သား၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

3. ဣသရေလအမျိုးသားတစုံတယောက်သည် သိုး၊ ဆိတ်၊ နွားကို တပ်ထဲမှာ သတ်သည်ဖြစ်စေ၊ တပ်ပြင်မှာသတ်သည်ဖြစ်စေ၊

4. ထာဝရဘုရား၏တဲတော်ရှေ့တွင် ထာဝရဘုရားအား ပူဇော်သက္ကာပြုခြင်းငှါ ပရိသတ်စည်းဝေးရာ တဲတော်တံခါးသို့မဆောင်ခဲ့လျှင်၊ ထိုသူသည် အသက်သတ်သော အပြစ်ရှိသည်ဟုမှတ်ရမည်။ အသက်သတ်သော ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။

5. ဣသရေလအမျိုးသားတို့သည် တော၌ပူဇော်သောယဇ်တို့ကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့တွင် ထာဝရဘုရားထံတော်မှာ ယဇ်ပုရောဟိတ်ရှေ့သို့ဆောင်ခဲ့၍၊ ထာဝရဘုရားအား မိဿဟာယယဇ် ပူဇော်စေခြင်းငှါ ထိုသို့စီရင်ရသတည်း။

6. ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်ကောင်အသွေးကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၌ရှိသော ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်မှာဖြန်း၍၊ ဆီဥကိုလည်း ထာဝရဘုရားအား မွှေးကြိုင်ရာဘို့မီးရှို့ရမည်။

7. သူတို့သည် အထက်ကမှားယွင်းသကဲ့သို့ နောက်တဖန် နတ်ဆိုးတို့အား ယဇ်မပူဇော်ရ။ ဤပညတ်သည် သူတို့အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်တော် ဖြစ်သတည်း။

8. ဣသရေလအမျိုးသားချင်းဖြစ်စေ၊ သင်တို့တွင်တည်းနေသော တပါးအမျိုးသားဖြစ်စေ၊ မီးရှို့ရာယဇ်အစရှိသော အခြားသောယဇ်တစုံတခုကို ပူဇော်သောအခါ၊

9. ထာဝရဘုရားအားပူဇော်သက္ကာပြုခြင်းငှါ၊ ပရိသတ်စည်းဝေးရာတံခါးသို့ မဆောင်ခဲ့လျှင်၊ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်ဟု သူတို့အားဆင့်ဆိုရမည်။

10. ဣသရေလအမျိုးသားမှစ၍၊ သင်တို့တွင်တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ အသွေးတမျိုးမျိုးကိုစားလျှင်၊ ထိုသူကို ငါသည်မျက်နှာထား၍ သူ၏အမျိုးမှပယ်ရှင်းမည်။

11. အကြောင်းမူကား၊ ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်၏။ သင်တို့ပြုသောအပြစ်ကို ဖြေစေခြင်းငှါ၊ ထိုအသွေးကိုသင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ။ လူအပြစ်ကိုဖြေသောအရာကား၊ အသွေးဖြစ်သတည်း။

12. ထိုကြောင့် သင်တို့၌ အဘယ်သူမျှ အသွေးကိုမစားရ။ သင်တို့တွင် တည်းနေသော တပါးအမျိုးသားလည်း အသွေးကိုမစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။

13. ဣသရေလအမျိုးသားမှစ၍ သင်တို့တွင်တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ မုဆိုးလုပ်၍စားစရာဘို့ သား၊ ငှက်ကိုဘမ်းမိလျှင်၊ အသွေးကို သွန်၍မြေနှင့်ဖုံးရမည်။

14. အသွေးသည် ခပ်သိမ်းသောကိုယ်ခန္ဓာ အသက်ရှင်ရာအကြောင်းဖြစ်၏။ ထိုကြောင့် သင်တို့သည် တစုံတခုသောကိုယ်ခန္ဓာ၏အသွေးကို မစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။ ခပ်သိမ်းသော ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်သောကြောင့်၊ အသွေးကိုစားသောသူ မည်သည်ကား၊ ပယ်ရှင်းခြင်းကိုခံရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 17