ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 16:1-15 Judson Bible (BJB)

1. အာရုန်၏သားနှစ်ယောက်တို့သည်၊ ထာဝရဘုရားရှေ့တော်၌ပူဇော်၍ သေသောနောက်၊ ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊

2. သင်၏အစ်ကိုအာရုန်သည် သေဘေးနှင့်ကင်းလွတ်မည်အကြောင်း၊ သန့်ရှင်းရာဌာနတော်အထဲ၊ သေတ္တာအပေါ်မှာတင်သောအဖုံးကို ကွယ်ကာသော ကုလားကာအတွင်းသို့ အခါခပ်သိမ်းမဝင်စေခြင်းငှါ ဆင့်ဆိုလော့။ ငါသည် သေတ္တာအဖုံးအပေါ်၊ မိုဃ်းတိမ်၌ထင်ရှားမည်။

3. အာရုန်သည် သန့်ရှင်းရာဌာနတော်အထဲသို့ အဘယ်သို့ဝင်ရမည်နည်းဟူမူကား၊ အပြစ်ဖြေရာယဇ်ဘို့ အသက်ပျိုသောနွားထီးတကောင်၊ မီးရှို့ရာယဇ်ဘို့ သိုးထီးတကောင်ပါရမည်။

4. သန့်ရှင်းသောပိတ်ချောအင်္ကျီ၊ ပိတ်ချောပေါင်းဘီကိုဝတ်၍၊ ပိတ်ချောခါးပန်းကို စည်းရမည်။ ပိတ်ချောဗောင်းကိုလည်း ဆောင်းရမည်။ ထိုအဝတ်တန်ဆာတို့သည် သန့်ရှင်းသောကြောင့်၊ ကိုယ်ကိုရေချိုးပြီးမှ ဝတ်ဆင်ရမည်။

5. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်နှစ်ကောင်၊ မီးရှို့ရာယဇ်ဘို့ သိုးတကောင်ကို၊ ဣသရေလအမျိုးသားပရိသတ်လက်မှ ခံယူရမည်။

6. အာရုန်သည် မိမိနှင့်ဆိုင်သော မိမိအပြစ်ဖြေရာယဇ်နွားကိုပူဇော်၍၊ မိမိအဘို့နှင့် မိမိအိမ်သူများအဘို့ အပြစ်ဖြေခြင်းကိုပြုရမည်။

7. ဆိတ်နှစ်ကောင်ကိုလည်းယူ၍ ပရိသတ်စည်းဝေးရာတဲတော်တံခါးနား၊ ထာဝရဘုရားရှေ့တော်၌ ဆက်ရမည်။

8. အာရုန်သည်ထိုဆိတ်နှစ်ကောင်ကို ထာဝရဘုရားအဘို့စာရေးတံတတံ၊ လွတ်လပ်လဟာအဘို့တတံ၊ စာရေးတံနှစ်တံချ၍၊

9. ထာဝရဘုရားအဘို့ စာရေးတံကျသောဆိတ်ကိုဆောင်ခဲ့၍ အပြစ်ဖြေရာယဇ်ဘို့ ပူဇော်ရမည်။

10. လွတ်လပ်လဟာအဘို့ စာရေးတံကျသောဆိတ်ကို၊ အသက်ရှင်လျက် ထာဝရဘုရားရှေ့တော်၌ဆက်၍၊ သူ့အပေါ်မှာ အပြစ်ဖြေခြင်းကိုပြုပြီးလျှင်၊ တော၌ လွတ်လပ်လဟာသို့ လွှတ်လိုက်ရမည်။

11. အာရုန်သည် မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကိုဆောင်ခဲ့ပြီးလျှင်၊ မိမိအဘို့နှင့် မိမိအိမ်သူအိမ်သားများအဘို့ အပြစ်ဖြေခြင်းကိုပြု၍၊ မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကို သတ်ရမည်။

12. ထာဝရဘုရားရှေ့တော် ယဇ်ပလ္လင်မီးခဲနှင့် ပြည့်သောလင်ပန်းကိုကိုင်လျက်၊ ညက်စွာသော နံ့သာပေါင်းမွှေးအမှုန့်ကို မိမိလက်၌အပြည့်ယူ၍၊ ကုလားကာအတွင်းသို့ ဆောင်သွားရမည်။

13. ထိုအခါသူသည်သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ နံ့သာပေါင်းအခိုးအငွေ့သည် သက်သေခံချက်အပေါ်မှာရှိသော သေတ္တာအဖုံးကို မွှန်းစေခြင်းငှါ၊ ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းကို မီးပေါ်မှာတင်ရမည်။

14. နွားအသွေးအချို့ကိုလည်းယူ၍ အရှေ့မျက်နှာဘက် သေတ္တာဖုံးအပေါ်၌ လက်ညှိုးနှင့် ဖြန်းရမည်။ သေတ္တာဖုံးရှေ့၌လည်း ခုနစ်ကြိမ်တိုင်အောင် လက်ညှိုးနှင့်ဖြန်းရမည်။

15. ထိုနောက် လူများနှင့်ဆိုင်သောအပြစ်ဖြေရာယဇ်ဆိတ်ကိုသတ်၍၊ အသွေးကို ကုလားကာအတွင်းသို့ဆောင်ခဲ့ပြီးလျှင်၊ နွားအသွေးကို ဖြန်းသကဲ့သို့၊ သေတ္တာဖုံးအပေါ်၌၎င်း၊ ရှေ့၌၎င်းဖြန်းရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 16