9. ရိနာစွဲသောသူစီးသော ကုန်းနှီးလည်းမစင်ကြယ်။
10. သူ့အောက်၌ရှိသောအရာကိုထိသောသူသည် ညဦးတိုင်အောင်မစင်ကြယ်။ ထိုအရာတစုံတခုကို ဆောင်သောသူသည်၊ မိမိအဝတ်ကိုလျှော်၍ ကိုယ်ကို ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
11. ရိနာစွဲသောသူသည်၊ လက်မဆေးဘဲသူတပါးကိုလက်နှင့်ထိလျှင်၊ ထိုသူသည် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
12. ရိနာစွဲသောသူထိသော မြေတန်ဆာကိုခွဲရမည်။ သစ်သားတန်ဆာကို ရေနှင့်ဆေးရမည်။
13. ရိနာစွဲသောသူသည်အနာပျောက်သောအခါ၊ ပျောက်သောနေ့ကစ၍၊ ခုနစ်ရက်လွန်မှ မိမိအဝတ်ကိုလျှော်၍၊ စီးသောရေနှင့် ကိုယ်ကိုချိုးသဖြင့် စင်ကြယ်ရ၏။
14. အဋ္ဌမနေ့၌လည်း၊ ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တခုခုကို ထာဝရဘုရားရှေ့တော်၌ ပရိသတ်စည်းဝေးရာတံခါးနားသို့ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်အားပေးရမည်။
15. ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ဘို့တကောင်၊ မီးရှို့ရာယဇ်ဘို့တကောင်ကိုပူဇော်၍၊ ရိနာစွဲသောသူအဘို့ ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေခြင်းကိုပြုရမည်။
16. ယောက်ျားသည်သုတ်ရည်ထွက်လျှင် တကိုယ်လုံးရေချိုးရမည်။ ညဦးတိုင်အောင်မစင်ကြယ်ဖြစ်၏။
17. သုတ်ရည်ထိသောအဝတ်၊ သားရေရှိသမျှတို့ကိုရေနှင့်လျှော်ရမည်။
18. ညဦးတိုင်အောင်မစင်ကြယ်ဖြစ်၏။ ယောက်ျားသည် မိန်းမနှင့် သံဝါသပြုလျှင်၊ နှစ်ယောက်စလုံးရေချိုးရမည်။ ညဦးတိုင်အောင်မစင်ကြယ်ဖြစ်၏။
19. မိန်းမသည်ဥတုရောက်လျှင်၊ ခုနစ်ရက်ပတ်လုံး ဥတုမစင်ကြယ်ရာ၌နေရမည်။ သူ့ကိုထိသောသူသည် ညဦးတိုင်အောင်မစင်ကြယ်ဖြစ်၏။
20. ဥတုမစင်ကြယ်လျက်အိပ်သမျှ၊ ထိုင်သမျှတို့သည် မစင်ကြယ်ဖြစ်၏။