41. ထိုအိမ်ကို အတွင်းပတ်လည်၌ခြစ်စေရမည်။ ခြစ်၍ကျသော အမှုန့်ကိုလည်း မြို့ပြင်မစင်ကြယ်သောအရပ်၌ သွန်ပစ်ရမည်။
42. အရင်ကျောက်အစား၌ အခြားသောကျောက်ကိုယူ၍ထည့်ပြီးလျှင်၊ အသစ်သောအင်္ဂတေနှင့် မွမ်းမံရမည်။
43. ထိုသို့ကျောက်ကိုနှုတ်ပယ်၍ အိမ်ကိုခြစ်ခြင်း၊ အသစ်မွမ်းမံခြင်းကိုပြုပြီးမှ၊ တဖန်အနာစွဲပြန်လျှင်၊
44. ယဇ်ပုရောဟိတ်လည်းအကြည့်အရှုလာ၍ ထိုအိမ်၌ အနာတိုးပွါးသည်မှန်လျှင်၊ စားတတ်သောနူနာဖြစ်၏။
45. ထိုအိမ်သည်မစင်ကြယ်သောကြောင့်၊ ကျောက်၊ သစ်သား၊ အင်္ဂတေရှိသမျှကို ဖြိုဖျက်၍၊ မြို့ပြင် မစင်ကြယ်သောအရပ်သို့ယူသွားရမည်။
46. ထိုမှတပါး၊ ထိုအိမ်ကို ပိတ်ထားသည်ကာလပတ်လုံး၊ အထဲသို့ ဝင်မိသောသူသည်၊ ညဦးတိုင်အောင်မစင်ကြယ်။
47. ထိုအိမ်၌အိပ်သောသူ၊ စားသောက်သောသူသည်၊ မိမိအဝတ်ကိုလျှော်ရမည်။
48. ယဇ်ပုရောဟိတ်သည် အကြည့်အရှုလာသောအခါ၊ အိမ်ကိုအသစ်မွမ်းမံပြီးမှ အနာမတိုးပွါးလျှင်၊ အနာပျောက်သောကြောင့် ထိုအိမ်သည်စင်ကြယ်၏ဟု စီရင်ရမည်။
49. ထိုအိမ်ကိုစင်ကြယ်စေခြင်းငှါ ငှက်နှစ်ကောင်၊ အာရဇ်သစ်သား၊ နီမောင်းသောကြိုး၊ ဟုဿုပ်ပင်ညွန့်တို့ကိုယူ၍၊
50. စီးသောရေကိုထည့်သောမြေအိုးထဲ၌ ငှက်တကောင်ကိုသတ်ပြီးမှ၊
51. အာရဇ်သစ်သား၊ ဟုဿုပ်ပင်ညွှန့်၊ နီသောကြိုး၊ အသက်ရှင်သောငှက်ကိုယူ၍ ငှက်သွေးရောသော ရေ၌နှစ်ပြီးလျှင်၊ ထိုအိမ်ကို ခုနစ်ကြိမ်တိုင်အောင်ဖြန်းရမည်။