6. ငါသည်နေပူကိုခံ၍ မည်းသောအဆင်းရှိသောကြောင့်၊ ငါ့ကိုမကြည့်ရှုကြပါနှင့်။ ငါ့မိခင်၏သားသမီးတို့သည် ငါ့ကို မနာလိုသောစိတ်ရှိ၍၊ စပျစ်ဥယျာဉ်တို့ကို စောင့်စေကြ၏။ ကိုယ်ဥယျာဉ်ကို မစောင့်ရပါ။
7. ကျွန်မနှစ်သက်နှစ်လိုရာအရှင်၊ ကိုယ်တော်သည် သိုးများကိုအဘယ်မှာ ထိန်းတော်မူသည်ကို၎င်း၊ မွန်းတည့်ချိန်၌ အဘယ်မှာအရပ်ခိုစေတော်မူသည်ကို၎င်း ပြတော်မူပါ။ ကျွန်မသည် အခြားတပါးသော သိုးထိန်းနောက်သို့ အဘယ်ကြောင့် လမ်းလွဲ၍လိုက်ရပါအံ့နည်း။
8. မိန်းမတကာတို့ထက် အဆင်းလှသောအစ်မ၊ သင်သည်မသိလျှင်၊ သိုးများခြေရာသို့လိုက်သွား၍၊ သိုးထိန်းတဲများအနားမှာ သင်၏သိုးသငယ်တို့ကို ကျွေးမွေးပါလော့။
9. ငါချစ်သောနှမ၊ သင့်ကိုဖာရောမင်းရထား၌ ကသောမြင်းနှင့် ငါပုံပြမည်။
10. သင်၏ပါးသွယ်၌ မုတ်ပုတီးတန်ဆာဆင်လျက်၊ လည်ပင်း၌ ပုလဲအသွယ်သွယ်ဆွဲလျက်၊ သင်သည် တင့်တယ်လှ၏။
11. ငွေနှင့်အပြောက်ချယ်သော ရွှေပုတီးအသွယ်သွယ်ကိုလည်း လုပ်၍ ပေးဦးမည်။
12. အရှင်မင်ကြီးသည် စားပွဲတော်နားမှာ ထိုင်နေစဉ်၊ ငါထုံသော နာဒုဆီမွှေးအနံ့သည် တပျံ့ပျံ့တလှိုင်လှိုင် ဖြစ်လေ၏။
13. ငါချစ်ရာသခင်သည် ငါ၌မုရန်နံ့သာပုံဖြစ်၍၊ ငါ့ရင်အုံကြားမှာ တညဉ့်လုံးအိပ်ရမည်။
14. ငါချစ်ရာသခင်သည် အင်္ဂေဒိဥယျာဉ်မှ ဖြစ်သော ဟင်္နာခက်ရွက်စည်းကဲ့သို့ဖြစ်ပါ၏။
15. ငါချစ်သောနှမ၊ သင်သည် အဆင်းလှပေ၏။ အလွန်လှပေ၏။ ချိုးမျက်စိနှင့်ပြည့်စုံ၏။
16. ငါချစ်ရာသခင်သည် အဆင်းလှ၍၊ ချစ်ဘွယ်သော လက္ခဏာနှင့် ပြည့်စုံတော်မူ၏။ ငါတို့အိပ်ရာခင်းသည် စိမ်းသော အဆင်းရှိ၏။
17. ငါတို့ ဗိမာန်တိုင်တို့သည် အာရဇ်ပင်၊ အမိုးသည် ထင်ရူးပင်ဖြင့်ပြီးသတည်း။