ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 7:25-34 Judson Bible (BJB)

25. သင်တို့အဘများသည် အဲဂုတ္တုပြည်က ထွက်သွားသောနေ့မှစ၍ ယနေ့တိုင်အောင်၊ ငါသည် နေ့တိုင်း စောစောထ၍၊ ငါ၏ကျွန်ပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်သော်လည်း၊

26. သင်တို့သည် ငါ့စကားကို နားမထောင်၊ မနာမယူဘဲနေ၍ မိမိတို့ လည်ပင်းကို ခိုင်မာစေသဖြင့်၊ အဘများထက်သာ၍ ဆိုးသွမ်းကြ၏။

27. သင်သည် ဤစကားအလုံးစုံကို သူတို့အား ပြောသော်လည်း၊ သူတို့သည် နားမထောင်ကြ။ ခေါ်သော်လည်း မထူးကြ။

28. သို့ဖြစ်၍ သင်ကလည်း၊ ဤလူမျိုးသည် မိမိတို့ ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နားမထောင်၊ ဆုံးမ၍ မနိုင်သောအမျိုး ဖြစ်၏။ သစ္စာစကား ကိုမပြော၊ သစ္စာပျက်သော အမျိုးဖြစ်သည်ဟု သူတို့အား ပြောဆိုရမည်။

29. သင်၏သစ္စာဆံပင်ကို ရိတ်၍ ပစ်လိုက်လော့။ မြင့်သောအရပ်၌ မြည်တမ်းခြင်းကို ပြုလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိမိလူမျိုးကို ပယ်တော်မူပြီ။ အမျက်တော်သင့်ရောက်သော အမျိုးကို စွန့်ပစ်တော်မူပြီ။

30. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယုဒ အမျိုးသားတို့သည် ငါ့ရှေ့မှာဆိုးသော အမှုကိုပြုကြပြီ။ ငါ၏နာမဖြင့် သမုတ်သော အိမ်တော်ကို ညစ်ညူးစေခြင်းငှါ၊ ရွံရှာဘွယ်သောအရာတို့ကို သွင်းထားကြပြီ။

31. ငါမမှာထား၊ ငါအလျှင်းအလိုမရှိသော်လည်း၊ သူတို့သားသမီးများကို မီးရှို့ခြင်းငှါ ဟိန္နုံသား၏ချိုင့်၌ ရှိသော တောဖက်ကုန်းတို့ကို တည်ကြပြီ။

32. သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုချိုင့်ကို တောဖက်ချိုင့်ဟူ၍မခေါ်၊ ဟိန္နုံသား၏ ချိုင့် ဟူ၍မခေါ်၊ ကွပ်မျက်ရာ ချိုင့်ဟူ၍ ခေါ်ရသော အချိန်ကာလရောက်လိမ့်မည်။ တောဖက်၌ မြေလွတ်မရှိသည် တိုင်အောင် သင်္ဂြိုဟ်ကြလိမ့်မည်။

33. ဤလူမျိုးအသေကောင်တို့သည် မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲစားစရာဘို့ ဖြစ်ကြလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို အဘယ်သူမျှ မမောင်းရ။

34. ယုဒမြို့များ၊ ယေရုရှလင်လမ်းများတို့၌ ဝမ်း မြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင် သတို့သားအသံနှင့်မင်္ဂလာဆောင် သတို့သမီးအသံကိုငါစဲစေမည်။ တပြည်လုံးသည် လူဆိတ်ညံရာအရပ်ဖြစ်လိမ့်မည် ဟုမိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 7