ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 6:1-11 Judson Bible (BJB)

1. အိုဗင်္ယာမိန်အမျိုးသားတို့၊ ယေရုရှလင်မြို့ထဲက ထွက်၍၊ လွတ်အောင်ပြေးကြလော့။ တေကောရွာ၌ တံပိုးမှုတ်ကြလော့။ ဗေသက္ကရင်ရွာ၌ မီးရှုးကို မြှောက်၍ ပြကြလော့။ အကြောင်းမူကား၊ ဘေးဥပဒ်တည်းဟူသော ကြီးစွာသော ပျက်စီးခြင်းအကြောင်းအရာသည် မြောက်မျက်နှာကပေါ်လာ၏။

2. အဆင်းလှ၍ နူးညံ့သိမ်မွေ့သော သူတည်းဟူသော ဇိအုန်သတို့ သမီးကို ငါဖျက်ဆီးမည်။

3. သိုးထိန်းတို့သည် သိုးစုများပါလျက် သူ့ထံသို့ လာ၍၊ သူ့တဘက်ပတ်လည်၌ တဲဆောက်၍၊ အသီးအသီး မိမိတို့နေရာမှာ ကျက်စားကြလိမ့်မည်။

4. သူ့ကို စစ်တိုက်ခြင်းငှါ ပြင်ကြလော့။ ထကြ။ မွန်းတည့်အချိန်၌ တက်သွားကြကုန်အံ့။ ငါတို့၌ ခက်လှ၏။ မွန်းလွဲပြီ။ မိုဃ်းချုပ်လေပြီ။

5. ထကြ။ ညဉ့်အခါတက်သွား၍၊ သူ၏ ဘုံဗိမာန် တို့ကို ဖျက်ဆီးကြကုန်အံ့ဟုဆိုကြလိမ့်မည်။

6. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သစ်ပင်တို့ကို ခုတ်လှဲကြလော့။ ယေရုရှလင်မြို့တဘက်၌ မြေရိုးကိုဖို့ကြလော့။ ဤမြို့သည် ဆုံးမစရာကောင်းသောမြို့ဖြစ်၏။ မြို့ထဲ၌ညှဉ်းဆဲခြင်း သက်သက်ရှိ၏။

7. စမ်းရေပေါက်ဝမှ ရေသည် စီးထွက်သကဲ့သို့၊ ထိုမြို့သည် ဒုစရိုက်ကို ထွက်စေတတ်၏။ မြို့ထဲ၌ လုယူ ဖျက်ဆီးခြင်းအသံကို ကြားရ၏။ အနာများနှင့် ဒဏ်ချက်ရာများကို အစဉ်ငါမြင်ရ၏။

8. အိုယေရုရှလင်မြို့၊ ဆုံးမခြင်းကို ခံလော့။ သို့မဟုတ်၊ သင့်ကို ငါရွံရှာမည်။ သင့်ကိုပယ်ရှင်း၍ လူဆိတ်ညံရာအရပ် ဖြစ်စေမည်။

9. ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ စပျစ်နွယ်ပင်၌ အကျန်အကြွင်းကို လိုက်၍ ဆွတ်သကဲ့သို့၊ ထိုသူတို့သည် ဣသရေလ၌ ကျန်ကြွင်းသော အရာကိုလိုက်၍ အကုန်အစင်ဆွတ်ကြလိမ့်မည်။ စပျစ်သီးဆွတ်သော သူကဲ့သို့၊ သင်၏လက်ကို ခြင်းတောင်းထဲသို့ တဖန်သွင်းဦးလော့။

10. သူတို့သည် နားထောင်မည်အကြောင်း၊ အဘယ်သူကို ငါပြော၍ သတိပေးရမည်နည်း။ သူတို့နားသည် အရေဖျားလှီးခြင်းမခံသော နားဖြစ်၍၊ သူတို့သည် နားမထောင်နိုင်ကြ။ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် သူတို့ကဲ့ရဲ့စရာဖြစ်၏။ ထိုနှုတ်ကပတ်တော်ကို မနှစ်သက်ကြ။

11. ထိုကြောင့်၊ ငါသည်ထာဝရဘုရား၏ အမျက်တော်နှင့် ပြည့်ဝ၏။ အောင့်၍မနေနိုင်။ လမ်း၌ရှိသော သူငယ်များနှင့်စုဝေးသောလူပျိုများအပေါ်သို့ အမျက်တော်ကို ငါသွန်းလောင်းမည်။ လင်မယားအစုံကို၎င်း၊ အသက်ကြီးသောသူနှင့် အိုလွန်းသောသူကို၎င်း သိမ်းသွားမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 6