ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 52:5-20 Judson Bible (BJB)

5. ဇေဒကိမင်းနန်းစံ တဆယ်တနှစ်တိုင်အောင် မြို့ကိုဝိုင်းထားလေ၏။

6. ထိုနှစ်၊ စတုတ္ထလ ကိုးရက်နေ့တွင်၊ မြို့ထဲမှာ အလွန်အစာအာဟာရခေါင်းပါးသဖြင့်၊ မြို့သူမြို့သားတို့သည် စားစရာမရှိသောအခါ၊

7. ခါလဒဲလူတို့သည် မြို့ရိုးကို ဖြိုဖေါက်၍၊ မြို့ကိုလည်း ဝိုင်းနေသောကြောင့်၊ မြို့သားစစ်သူရဲအပေါင်းတို့သည် ညဉ့်အခါပြေး၍၊ မြို့ရိုးနှစ်ထပ်စပ်ကြား၊ ဥယျာဉ်တော်နား တံခါးဝဖြင့် ထွက်ပြီးမှ လွင်ပြင်သို့သွားကြ၏။

8. ခါလဒဲစစ်သူရဲတို့သည် ရှင်ဘုရင်ဇေဒကိကို လိုက်၍၊ ယေရိခေါလွင်ပြင်၌မှီသဖြင့် ဇေဒကိမင်း၏ စစ်သူရဲအပေါင်းတို့သည် လွင့်ပြေးကြ၏။

9. ရန်သူတို့သည် ရှင်ဘုရင်ကို ဘမ်းဆီး၍၊ ဗာဗုလုန်ရှင်ဘုရင်ရှိရာ ဟာမတ်ပြည်ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန် ရှင်ဘုရင်သည် ဇေဒကိ၏အမှုကို စစ်ကြောစီရင်၍၊

10. ဇေဒကိမင်း၏သားတို့ကို အဘမျက်မှောက်၌ သတ်လေ၏။ ရိဗလမြို့မှာ ယုဒမှူးမတ်အပေါင်းတို့ကိုလည်း သတ်လေ၏။

11. ဇေဒကိမျက်စိကိုလည်း ဖေါက်ပြီးမှ၊ သူ့ကို ကြေးဝါကြိုးနှင့်ချည်နှောင်၍ ဗာဗုလုန်မြို့သို့ ယူသွားသဖြင့်၊ သေသည်တိုင်အောင် ထောင်ထဲမှာ လှောင်ထားလေ၏။

12. ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံတဆယ်ကိုးနှစ်၊ ပဥ္စမလဆယ်ရက်နေ့တွင်၊ အမှုတော်ထမ်းကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရုရှလင်မြို့ သို့လာ၍၊

13. ဗိမာန်တော်၊ နန်းတော်၊ မင်းအိမ်၊ ဆင်းရဲသား အိမ်ရှိသမျှတို့ကို မီးရှို့လေ၏။

14. ကိုယ်ရံတော်မှူး၌ပါသော ခါလဒဲ စစ်သူရဲအပေါင်းတို့သည် ယေရုရှလင်မြို့ရိုးရှိသမျှတို့ကို ဖြိုဖျက်ကြ၏။

15. ထိုအခါ ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် မြို့ထဲမှာ ကျန်ကြွင်းသောဆင်းရဲသား၊ ဗာဗုလုန်ရှင်ဘုရင်ဘက်သို့ ကူးသွားနှင့်သောမြို့သား၊ ကြွင်းသမျှသော သူတို့ကို သိမ်းသွားလေ၏။

16. သို့ရာတွင်၊ စပျစ်ဥယျာဉ်ကိုပြုစု၍ လယ်လုပ် စေခြင်းငှါ၊ ဆင်းရဲသားအချို့တို့ကို ထားခဲ့လေ၏။

17. ဗိမာန်တော်၌ ကြေးဝါတိုင်တို့ကို၎င်း၊ ကြေးဝါ ရေကန်ကို၎င်း၊ ရေချိုးအင်တုံအခြေအမြစ်တို့ကို၎င်း၊ ခါလဒဲလူတို့သည်ချိုးဖဲ့၍၊ ကြေးဝါရှိသမျှကို ဗာဗုလုန်မြို့သို့ ယူသွားကြ၏။

18. အိုးကင်း၊ တူးရွင်းပြား၊ မီးညှပ်၊ အိုး၊ ဇွန်းမှစ၍ အမှုတော်ထမ်းစရာ၊ ကြေးဝါတန်ဆာရှိသမျှတို့ကိုလည်း ယူသွားကြ၏။

19. ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသော အင်တုံ၊ လင်ပန်း၊ အိုး၊ အိုးကင်း၊ မီးခုံ၊ ဇွန်း၊ ဖလားများကို၊ ရွှေဖြစ်စေ၊ ငွေဖြစ်စေ၊ ကိုယ်ရံတော်မှူးသည် ယူသွားလေ၏။

20. ဗိမာန်တော်၌ ရှောလမုန်မင်းကြီးလုပ်သောတိုင်နှစ်တိုင်၊ ရေကန်တခု၊ ရေကန်ခံစရာအခြေအမြစ် ကြေးဝါနွားတဆယ်နှစ်ခု၌ပါသော ကြေးဝါသည် အချိန်အားဖြင့် အတိုင်းမသိများ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 52