ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 50:36-46 Judson Bible (BJB)

36. ထားဘေးသည် မိစ္ဆာဆရာတို့အပေါ်သို့ ရောက်၍၊ သူတို့သည် အရူးဖြစ်ကြလိမ့်မည်။ ထားဘေးသည် ထိုမြို့သားစစ်သူရဲတို့အပေါ်သို့ ရောက်၍၊ သူတို့သည် စိတ်ပျက်ကြလိမ့်မည်။

37. ထားဘေးသည်မြင်းများ၊ ရထားများ၊ မြို့ထဲမှာ နေသောလူအမျိုးမျိုးရှိသမျှတို့အပေါ်သို့ ရောက်၍၊ သူတို့သည် မိန်းမကဲ့သို့ ဖြစ်ကြလိမ့်မည်။ ထားဘေးသည် မြို့ဘဏ္ဍာအပေါ်သို့ရောက်၍၊ ရန်သူတို့သည်လုယူကြလိမ့်မည်။

38. ခန်းခြောက်ခြင်းဘေးသည် မြို့၏ ရေတို့ အပေါ်သို့ရောက်၍ ခန်းခြောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ထိုပြည်သည်ရုပ်တုတို့နှင့် အပြည့်ရှိ၏။ ပြည်သားတို့သည် ဆင်းတုတို့ကို အမှီပြု၍ ဝါကြွားကြ၏။

39. ထိုကြောင့်၊ တောသားရဲတို့သည် တောခွေးတို့နှင့်တကွ ထိုမြို့၌ နေကြလိမ့်မည်။ ကုလားအုပ်ငှက်တို့ သည်လည်း နေရာကျကြလိမ့်မည်။ နောက်တဖန် အဘယ်သူမျှမနေရ။ ကာလအစဉ်အဆက် လူနေရာမဖြစ်ရ။

40. သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ နီးဆပ်သော မြို့များကို ဘုရားသခင်ဖျက်ဆီးတော်မူသဖြင့် လူဆိတ်ညံသကဲ့သို့၊ ဗာဗုလုန်မြို့၌ အဘယ်သူမျှမနေရ၊ လူသားတစုံတယောက်မျှနေရာမကျရဟု၊ ထာဝရဘုရားမိန့်တော်မူ၏။

41. ကြည့်ရှုလော့။ လူမျိုးတမျိုးသည် မြောက်မျက်နှာမှ လာ၏။ ကြီးစွာသော လူမျိုးနှင့်များစွာသော ရှင်ဘုရင်တို့ သည် မြေကြီးစွန်းတို့မှ ပေါ်လာကြ၏။

42. လေးနှင့်လှံတို့ကို လက်စွဲကြ၏။ ကြမ်းကြုတ်သော အမျိုးဖြစ်၍ သနားခြင်းကရုဏာမရှိ။ သူတို့စကား သံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ်၏။ အိုဗာဗုလုန်သတို့သမီး၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက်မြင်း စီး၍၊သင်ရှိရာသို့ ချီလာကြလိမ့်မည်။

43. သူတို့၏သိတင်းကို ဗာဗုလုန်ရှင်ဘုရင်သည် ကြား၍လက်အားလျော့၏။ ဒုက္ခဆင်းရဲကို၎င်း၊ သားဘွားသော မိန်းမခံရသကဲ့သို့ ပြင်းစွာသောဝေဒနာကို၎င်း ခံရ၏။

44. ခြင်္သေ့သည် ယော်ဒန်မြစ်၏ ဂုဏ်အသရေမှ တတ်သကဲ့သို့၊ ရန်သူသည် ကျောက်နှင့်ပြည့်စုံသော နေရာသို့တက်သောအခါ၊ နေသောသူသည် ချက်ခြင်း ပြေးမည်အကြောင်းကို ငါပြုမည်။ ရွေးချယ်သော သူကို လည်းဗာဗုလုန်မြို့အပေါ်မှာ ငါခန့်ထားမည်။ ငါနှင့် အဘယ်သူတူသနည်း။ ငါ့အချိန်ကို အဘယ်သူချိန်းချက်မည်နည်း။ အဘယ်မည်သော သိုးထိန်းသည် ငါ့ရှေ့မှာ ရပ်နိုင်သနည်း။

45. သို့ဖြစ်၍၊ ထာဝရဘုရားသည် ဗာဗုလုန်မြို့တဘက်၌ ကြံစည်တော်မူသောအကြံ၊ ခါလဒဲပြည်တဘက်၌ ကြံစည်တော်မူသောအကြံအစည်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ်ရန်သူသည် အားမရှိသော ထိုသိုးတို့ကို လုယက်လိမ့်မည်။ အကယ်စင်စစ်သူတို့ရှိရာသို့ လာ၍၊ ကျက်စားရာအရပ်ကို ဖျက်ဆီးလိမ့်မည်။

46. ဗာဗုလုန်မြို့ကိုတိုက်ယူသောအသံကြောင့် မြေကြီးလှုပ်ရှား၏။ အော်ဟစ်သောအသံကို လူအမျိုးမျိုးတို့သည် ကြားရကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 50