ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 50:12-21 Judson Bible (BJB)

12. ထိုကြောင့်၊ သင်တို့ အမိသည် မိန်းမောတွေဝေလိမ့်မည်။ သင်တို့ကိုမွေးဘွားသော သူသည် အရှက်ကွဲလိမ့်မည်။ ပြည်တကာတို့တွင် အယုတ်ဆုံးသောပြည်၊ သုတ်သင်သောအရပ်၊ သွေ့ခြောက်သောလွင်ပြင် ဖြစ်ရလိမ့်မည်။

13. ထာဝရဘုရား၏ အမျက်တော်ကြောင့် နောက်တဖန်လူမနေရ။ ဆိတ်ညံသောအရပ် သက်သက်ဖြစ်ရ လိမ့်မည်။ ဗာဗုလုန်မြို့နားမှာ ရောက်သွားသောသူတိုင်း အံ့ဩ၍၊ သူခံရသောဘေးဥပဒ်ကို ထောက်လျက်၊ ကဲ့ရဲ့သံကို ပြုကြလိမ့်မည်။

14. ဗာဗုလုန်မြို့ပတ်လည်၌ တပ်ခင်းကျင်းကြလော့။ သူသည် ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ လေးသမားအပေါင်းတို့၊ မြှားကိုမနှမြောဘဲ ပစ်ကြလော့။

15. မြို့ပတ်လည်၌ ကြွေးကြော်ကြလော့။ သူသည် ဝန်ချပြီ။ မြို့ရိုးနှင့် ပြအိုးတို့သည် ပြိုလဲကြပြီ။ ထာဝရ ဘုရား၏အမျက်တော်ပြေခြင်း အမှုဖြစ်၍၊ သူ့ကိုအပြစ်နှင့်အလျောက်စီရင်ကြလော့။ သူသည်ပြုဘူးသည် အတိုင်းသူ၌ ပြုကြလော့။

16. ဗာဗုလုန်မြို့၌ မျိုးစေ့ကြဲသော သူနှင့်စပါး ရိတ်သောသူတို့ကိုပယ်ဖြတ်ကြလော့။ ညှဉ်းဆဲတတ်သော ထားကိုကြောက်သောကြောင့်၊ အသီးအသီးတို့သည် မိမိတို့လူမျိုးနေရာသို့ ပြန်သွား၍၊ မိမိတို့ပြည်သို့ပြေး ကြလိမ့်မည်။

17. ဣသရေလသည်အရပ်ရပ်သို့ လွင့်ပြေးရသော သိုးဖြစ်၏။ ခြင်္သေ့တို့သည် နှောင့်ရှက်ကြပြီ။ အာရှုရိ ရှင်ဘုရင်သည် ရှေးဦးစွာ ကိုက်စားပြီ။ နောက်မှ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် သူ၏အရိုးတို့ကို ချိုးဖဲ့ပြီ။

18. ထိုကြောင့်၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်အာရှုရိရှင်ဘုရင်ကို ဒဏ်ပေးသည်နည်းတူ၊ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ၏နိုင်ငံကို ဒဏ်ပေးမည်။

19. ဣသရေလကိုသူ၏နေရင်းအရပ်သို့ ငါဆောင်ခဲ့ဦးမည်။ သူသည် ကရမေလတောင်နှင့်ဗာရှန်တောင် ပေါ်မှာ ကျက်စား၍၊ ဧဖရိမ်တောင်နှင့်ဂိလဒ်တောင်ပေါ်မှာ ဝလိမ့်မည်။

20. ထိုကာလအခါ ဣသရေလအပြစ်ကို စစ်ကြောသော်လည်း အပြစ်မပေါ်ရာ။ ယုဒဒုစရိုက်တို့ကိုရှာ၍ မတွေ့ရာ။ ငါချန်ထားသော သူတို့၏ အပြစ်ကို ငါဖြေရှင်းမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

21. ပုန်ကန်တတ်သောပြည်၊ ဆုံးမအပ်သော ပြည်သားတို့ရှိရာသို့ စစ်ချီကြလော့။ သုတ်သင်ပယ်ရှင်း၍ သူတို့အမျိုးအနွယ်ကိုအကုန်အစင် ဖျက်ဆီးကြလော့။ ငါမှာထားသမျှအတိုင်း ပြုကြလော့ဟု ထာဝရဘုရား မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 50