ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 5:22-31 Judson Bible (BJB)

22. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပင်လယ် မလွန်နိုင်အောင် ဆီးတားဘို့ရာ သဲကိုထာဝရ အပိုင်း အခြားခန့်ထားသော ငါကို သင်တို့သည် မကြောက်ကြသလော။ ငါ၏ရှေ့တော်၌ မတုန်လှုပ်ကြသလော။ ပင်လယ်လှိုင်းတံပိုးတို့သည် ထ၍မနိုင်၊ ဟုန်း၍မကျော် မလွန်နိုင်သော်လည်း၊

23. ဤလူမျိုးသည် ပြစ်မှားပုန်ကန်သော သဘောရှိ၍၊ အစဉ်ပုန်ကန်တတ်ကြ၏။

24. အချိန်တန်မှ အရင်မိုဃ်းနှင့် နောက်မိုဃ်းကို ရွာစေ၍၊ အသီးအနှံသိမ်းမြဲသိမ်းရာ ကာလကို ငါတို့အဘို့ သိုထားတော်မူသော ငါတို့၏ ဘုရားသခင် ထာဝရဘုရားကို ယခုကြောက်ကြကုန်အံ့ဟု၊ သူတို့သည် စိတ်နှလုံးထဲ၌ မဆိုတတ်ကြ။

25. သင်တို့ဒုစရိုက်သည် ထိုသို့သော အရာတို့ကို လွှဲ၍၊ သင်တို့အပြစ်သည် သင်တို့၏ မင်္ဂလာကို ဆီးတားလေပြီ။

26. ဝပ်လျက်နေသော မုဆိုးကဲ့သို့ ချောင်းမြောင်းသော လူဆိုးတို့သည် ငါ၏လူတို့တွင်ရှိကြ၏။ လူတို့ကို ထောင်ခြင်းငှါ ထောင်ချောက်ကို ထားကြပြီ။

27. ငှက်ထောင်အိမ်သည် ငှက်တို့နှင့် ပြည့်သကဲ့သို့၊ သူတို့အိမ်သည် လှည့်စားခြင်းပရိယာယ်နှင့်ပြည့်၏။ ထိုသို့သူတို့သည် အားတိုးပွါး၍ ရတတ်ခြင်းသို့ ရောက်ကြ၏။

28. ဝလျက်၊ မျက်နှာပြောင်လျက်ရှိကြ၏။ ဆိုးသော သူတို့ထက်သာ၍ ဆိုးကြ၏။ တရားသဖြင့်မစီရင်ကြ။ မိဘမရှိသောသူငယ်၏အမှုကို စောင့်၍ အနိုင်မပေးကြ။ ဆင်းရဲသော သူဘက်၌ တရားသဖြင့် မစီရင်ကြ။

29. ထိုသို့သော အပြစ်တို့ကို ငါသည် မစစ်ကြောဘဲ နေရမည်လော။ ထိုသို့သော အမျိုးကို ဒဏ်ပေး၍၊ ငါစိတ် ချင်ရဲမပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော်မူ၏။

30. အံ့ဩရွံရှာဘွယ်သော အမှုကို ပြည်တော်၌ ပြုကြ၏။

31. ပရောဖက်တို့သည် မဟုတ်မမှန်ဟောပြောကြ၏။ ယဇ်ပုရောဟိတ်တို့သည် ဝန်ခံ၍ အစိုးရကြ၏။ ထိုသို့သောအမှုကို ငါ၏လူတို့သည် နှစ်သက်ကြ၏။ ထိုအမှုဆုံးသောအခါ သင်တို့သည် အဘယ်သို့ပြုကြလိမ့်မည်နည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 5