ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 5:12-25 Judson Bible (BJB)

12. သူတို့က၊ ထာဝရဘုရားမရှိ။ ငါတို့အပေါ်၌ ဘေးဥပဒ် မရောက်ရ။ ထားဘေး၊ မွတ်သိပ်ခြင်းဘေးကို ငါတို့သည် မတွေ့ရကြ။

13. ပရောဖက်တို့သည် လေသက်သက်ဖြစ်ကြ၏။ သူတို့၌ နှုတ်ကပတ်တော်မရှိ။ သူတို့ဟောပြောသည် အတိုင်း သူတို့ခံရလိမ့်မည်ဟု ထာဝရဘုရားကို ငြင်းပယ်လျက်ဆိုတတ်ကြ၏။

14. သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့သည် ထိုသို့ဆိုသောကြောင့်၊ ငါ့စကားကို သင်၏နှုတ်၌ မီးကဲ့သို့၎င်း၊ ဤလူမျိုးကိုထင်းကဲ့သို့၎င်း ငါဖြစ်စေ၍ သူတို့ကို မီးလောင်ရလိမ့်မည်။

15. ထာဝရဘုရား မိန့်တော်မူသည်ကား၊ အို ဣသရေလအမျိုး၊ သင့်ကို တိုက်စေဘို့လူတမျိုးကို ဝေးသော အရပ်ကငါဆောင်ခဲ့မည်။ အားကြီးသောအမျိုး၊ ရှေးကာလ၌ ဖြစ်ဘူးသောအမျိုး၊ သူတို့စကားကို သင်မသိ နားမလည်သော အမျိုးဖြစ်လိမ့်မည်။

16. သူတို့ မြှားတောင့်သည် ဖွင့်ထားသော သခင်္ျိုင်းတွင်းဖြစ်၏။ ထိုသူအပေါင်းတို့သည် ခွန်အားကြီးသောသူ ဖြစ်ကြ၏။

17. ထိုသူတို့သည် သင်၏အသီးအနှံနှင့် သင်၏မုန့်ကို စားကြလိမ့်မည်။ သင်၏သားသမီးတို့ကိုလည်း စားကြ လိမ့်မည်။ သင်၏သိုးနွားတို့ကိုလည်း စားကြလိမ့်မည်။ သင်၏စပျစ်နွယ်ပင်နှင့် သင်္ဘောသဖန်းပင်တို့ကိုလည်း စားကြလိမ့်မည်။ သင်ခိုလှုံ၍ ခိုင်ခံ့သောမြို့တို့ကိုလည်း တိုက်၍ လုပ်ကြံကြလိမ့်မည်။

18. သို့ရာတွင်၊ ထိုကာလ၌ ငါသည် သင်၏အမှုကို မဆုံးဖြတ်သေးဟု ထာဝရဘုရားမိန့်တော်မူ၏။

19. သင်တို့ကလည်း၊ ငါတို့ဘုရားသခင် ထာဝရဘုရားသည်၊ ငါတို့၌ ဤအမှုအလုံးစုံတို့ကို အဘယ်ကြောင့် စီရင်တော်မူသနည်းဟု မေးကြေသောအခါ၊ သင်တို့သည် ငါ့ကိုစွန့်ပစ်၍၊ ကိုယ်ပိုင်သော ပြည်၌ တကျွန်းတနိုင်ငံ ဘုရားတို့၏ အမှုကိုဆောင်ရွက်သကဲ့သို့၊ ကိုယ်မပိုင်သော ပြည်၌ တကျွန်းတနိုင်ငံသားတို့၏ အမှုကို ဆောင်ရွက်ရကြလိမ့်မည်ဟု၊ သင်သည်သူတို့အား ဆင့်ဆိုရမည်။

20. ယာကုပ်အမျိုးနေရာ ယုဒပြည်၌ ဟောပြော ကြွေးကြော်ရမည်မှာ၊

21. အို မျက်စိရှိလျက်နှင့် မမြင်၊ နားရှိလျက်နှင့် မကြား၊ ဥာဏ်မဲ့သော လူမိုက်တို့၊ နားထောင်ကြလော့။

22. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပင်လယ် မလွန်နိုင်အောင် ဆီးတားဘို့ရာ သဲကိုထာဝရ အပိုင်း အခြားခန့်ထားသော ငါကို သင်တို့သည် မကြောက်ကြသလော။ ငါ၏ရှေ့တော်၌ မတုန်လှုပ်ကြသလော။ ပင်လယ်လှိုင်းတံပိုးတို့သည် ထ၍မနိုင်၊ ဟုန်း၍မကျော် မလွန်နိုင်သော်လည်း၊

23. ဤလူမျိုးသည် ပြစ်မှားပုန်ကန်သော သဘောရှိ၍၊ အစဉ်ပုန်ကန်တတ်ကြ၏။

24. အချိန်တန်မှ အရင်မိုဃ်းနှင့် နောက်မိုဃ်းကို ရွာစေ၍၊ အသီးအနှံသိမ်းမြဲသိမ်းရာ ကာလကို ငါတို့အဘို့ သိုထားတော်မူသော ငါတို့၏ ဘုရားသခင် ထာဝရဘုရားကို ယခုကြောက်ကြကုန်အံ့ဟု၊ သူတို့သည် စိတ်နှလုံးထဲ၌ မဆိုတတ်ကြ။

25. သင်တို့ဒုစရိုက်သည် ထိုသို့သော အရာတို့ကို လွှဲ၍၊ သင်တို့အပြစ်သည် သင်တို့၏ မင်္ဂလာကို ဆီးတားလေပြီ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 5