ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 49:6-22 Judson Bible (BJB)

6. သို့သော်လည်း၊ သိမ်းသွားခြင်းကိုခံရသော အမ္မုန်အမျိုးသားတို့ကို နောက်တဖန်ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

7. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဧဒုံပြည်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ တေမန်ပြည်၌ ပညာကုန်သလော။ ပညာသတိရှိသောသူတို့သည် အကြံမပေးနိုင်သလော။ သူတို့ဥာဏ်သည် ဆုံးသလော။

8. အိုဒေဒန်မြို့သူမြို့သားတို့၊ ဆုတ်၍ ပြေးသွားကြလော့။ နက်နဲသောအရပ်၌ နေကြလော့။ ဧသောတွေ့ရသောဘေး၊ ဆုံးမခြင်းကိုခံရသော အချိန်ကို ငါရောက်စေမည်။

9. စပျစ်သီးကိုဆွတ်သော သူတို့သည်သင်ရှိရာသို့ လာလျှင်၊ သူတပါးလိုက်၍ ဆွတ်စရာဘို့ ကျန်ကြွင်း စေကြလိမ့်မည်မဟုတ်လော။ ညဉ့်အခါသူခိုးလာလျှင်၊ စိတ်ပြေလောက်အောင်သာ လုယူကြလိမ့်မည်မဟုတ်လော။

10. ဧသော၏အဝတ်ကို ငါချွတ်မည်။ သူသည် ပုန်း၍မနေနိုင်အောင် သူကွယ်သောနေရာအရပ်တို့ကို ငါလှန်မည်။ သူ၏အမျိုးအနွယ်၊ ညီအစ်ကို၊ အိမ်နီးချင်းတို့သည် ပျက်စီး၍၊ သူ့ကိုယ်တိုင်လည်း ပျောက်ရလိမ့်မည်။

11. သင်၌မိဘမရှိသောသူငယ်တို့ကို ထားခဲ့လော့။ ငါစောင့်မမည်။ သင်၏ မုတ်ဆိုးမတို့သည် ငါ့ကိုခိုလှုံကြစေ။

12. ထာဝရဘုရားမိန့်တော်မူသည်ကား၊ ခွက်ဖလား ကို မသောက်ထိုက်သော သူတို့သည် အကယ်၍ သောက် ကြသည်မှန်လျှင်၊ သည်အပြစ်ကို မခံဘဲ ရှင်းရှင်း လွတ်ရမည်လော။ မလွတ်ဘဲမနေရ။ စင်စစ်သောက်ရမည်။

13. ဗောဇရပြည်သည်အံ့ဩရာ၊ ကဲ့ရဲ့ရာ၊ လူစိတ်ညံရာ၊ ကျိန်ဆဲရာဖြစ်လိမ့်မည်။ သူတို့၏ မြို့အလုံးစုံသည်လည်း၊ အစဉ်သုတ်သင်ပယ်ရှင်း ရာဖြစ်ရကြလိမ့်မည်ဟု၊ ငါသည်ကိုယ်တော်ကို တိုင်တည်ကျိန်ဆိုပြီးဟု၊ ထာဝရဘုရားမိန့်တော်မူ၏။

14. ထာဝရဘုရား ကြွေးကြော်တော်မူသံကို ငါကြား၏။ သင်တို့သည် စည်းဝေး၍၊ ဧဒုံပြည်ကို တိုက်ခြင်းငှါ စစ်ချီ၍လာကြလော့ဟု တပါးအမျိုးသားတို့ထံသို့ သံမန်ကို စေလွှတ်တော်မူပြီ။

15. တပါးအမျိုးသားတို့တွင် သင်သည် ယုတ်မာမည်အကြောင်းနှင့်၊ လူတို့တွင် အသရေရှုတ်ချခြင်းကို ခံရမည်အကြောင်း ငါပြုမည်။

16. ကျောက်ကြားတို့၌ နေ၍တောင်ထိပ်ကို ခိုလှုံသောသူဖြစ်သောကြောင့်၊ သင်၏ကျောက်မက်ဖွယ်သော အခြင်းအရာ၊ သင်၏မာနသည် သင့်ကိုလှည့်စားပြီ။ သင်သည် ရွှေလင်းတကဲ့သို့ မြင့်သောအရပ်၌ အသိုက်ကို လုပ်သော်လည်း၊ ထိုအရပ်မှ သင့်ကို ငါနှိမ့်ချမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

17. ဧဒုံပြည်သည် အံ့ဩရာဖြစ်၍၊ ရှောက်သွားသော သူတိုင်းအံ့ဩကြလိမ့်မည်။ သူခံရသော ဘေးဥပဒ် အပေါင်းတို့ကြောင့် ကဲ့ရဲ့သံကို ပြုကြလိမ့်မည်။

18. သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ နီးစပ်သောမြို့တို့၏ ပျက်စီးခြင်းကဲ့သို့ဖြစ်၍၊ဧဒုံပြည်၌ အဘယ်သူမျှ မနေရ။ လူသားတစုံတယောက်မျှ နေရာမကျရဟု ထာဝရဘုရားမိန့်တော်မူ၏။

19. ခြင်္သေ့သည် ယော်ဒန်မြစ်၏ ဂုဏ်အသရေမှ တတ်သကဲ့သို့၊ ရန်သူသည် ကျောက်နှင့်ပြည့်စုံသော နေရာသို့တက်သောအခါ၊ နေသောသူသည် ချက်ခြင်း ပြေးမည်အကြောင်းကို ငါပြုမည်။ ရွေးချယ်သော သူကိုလည်း၊ ဧဒုံပြည်အပေါ်မှာ ငါခန့်ထားမည်။ ငါနှင့် အဘယ်သူတူသနည်း။ ငါ့အချိန်ကို အဘယ်သူ ချိန်းချက်မည်နည်း။ အဘယ်မည်သော သိုးထိန်းသည် ငါ့ရှေ့မှာ ရပ်နိုင်သနည်း။

20. သို့ဖြစ်၍၊ ထာဝရဘုရားသည် ဧဒုံပြည်တဘက်၌ ကြံစည်တော်မူသောအကြံ၊ တေမန်ပြည်သားတို့ တဘက်၌ ကြံစည်တော်မူသော အကြံအစည်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ်ရန်သူသည်၊ အားမရှိ သောထိုသိုးတို့ကို လုယက်လိမ့်မည်။ အကယ်စင်စစ် သူတို့ရှိရာသို့လာ၍၊ ကျက်စားရာအရပ်တို့ကို ဖျက်ဆီးလိမ့်မည်။

21. သူတို့ပြိုလဲသော အသံကြောင့် မြေကြီးလှုပ်ရှား၏။ သူတို့အော်ဟစ်သော အသံကို ဧဒုံပင်လယ်တိုင်အောင် ကြားရ၏။

22. ရန်သူသည် တက်၍ ရွေလင်းတကဲ့သို့ပျံလျက်၊ ဗောဇရမြို့ကို အတောင်တို့နှင့် ဖြန့်မိုးလိမ့်မည်။ ထိုနေ့၌ ဧဒုံပြည်သားသူရဲတို့၏ စိတ်နှလုံးသည်၊ သားဘွားခြင်း ဝေဒနာကိုခံရသော မိန်းမ၏စိတ်နှလုံးကဲ့သို့ဖြစ်လိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 49