ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 49:30-39 Judson Bible (BJB)

30. ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဟာဇော်ပြည်သားတို့၊ ဝေးစွာ ပြေးသွားကြလော့။ နက်နဲသော အရပ်တို့၌ နေကြလော့။ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် သင်တို့ကိုရည်ဆောင်၍ စီရင်မည်ဟု သင်တို့ တဘက်၌ ကြံစည်သောအကြံအစည်ရှိ၏။

31. ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထကြလော့။ ငြိမ်ဝပ်စွာနေ၍ စိုးရိမ်စရာမရှိသောလူမျိုး၊ မြို့တံခါးနှင့်ကန့်လန့်ကျင်ကို မသုံးတတ်၊ အပေါင်းအဘော်မရှိ၊ တခြားစီနေတတ်သောလူမျိုးနေရာသို့ သွားကြလော့။

32. သူတို့ကုလားအုပ်အစရှိသောတိရစ္ဆာန်အပေါင်းတို့သည် လုယူရာဖြစ်ကြလိမ့်မည်။ ပါးမုန်းကိုရိတ်တတ်သော လူမျိုးကိုအရပ်ရပ်သို့ ငါကွဲပြားစေမည်။ အရပ်ရပ်တို့မှ သူတို့၌ ဘေးဥပဒ်ကိုငါရောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

33. ဟာဖော်ပြည်သည် မြေခွေးနေရာ၊ လူဆိတ်ညံရာ အစဉ်ဖြစ်၍၊ အဘယ်သူမျှမနေရ။ လူသားတစုံတယောက်မျှ မနေရ။ လူသားတစုံ တယောက်မျှနေရာ မကျရ။

34. ယုဒရှင်ဘုရင် ဇေဒကိမင်းနန်းစံစက၊ ဧလံပြည်ကို ရည်မှတ်သော ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ပရောဖက်ယေရမိသို့ ရောက်လာ၍၊

35. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဧလံ၏လေးတည်းဟူသော သူ၏ အစွမ်းသတ္တိအထွဋ်အမြတ်ကို ငါချိုးမည်။

36. အရပ်လေးမျက်နှာတို့က လေလေးမျိုးကို ဧလံပြည်သို့ငါဆောင်ခဲ့မည်။ ထိုလေတို့ရှေ့မှာ ပြည်သားများကို ငါလွှင့်မည်။ ထိုသို့နှင်ထုတ်သော ဧလံပြည်သားမရောက်သော တိုင်းနိုင်ငံတခုမျှမရှိရ။

37. ဧလံပြည်သားတို့ကို ရန်သူတို့ရှေ့မှာ၎င်း၊ သူတို့ အသက်ကိုရှာသော လူတို့ရှေ့မှာ၎င်း၊ ငါကြောက်လန့် စေ၍၊ ပြင်းစွာသော ငါ၏အမျက်တည်းဟူသော ဘေးဥပဒ်ကိုသူတို့အပေါ်သို့ ရောက်စေမည်။ သူတို့ကို မဖျက်ဆီးမှီတိုင်အောင် သူတို့နောက်သို့ ထားကို လွှတ်လိုက်ရမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

38. ဧလံပြည်၌ ငါ၏ပလ္လင်ကို တည်ထား၍၊ ရှင်ဘုရင်နှင့် မင်းသားတို့ကို သုတ်သင်ပယ်ရှင်းမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

39. သို့ရာတွင်၊သိမ်းသွားခြင်းကိုခံရသော ဧလံအမျိုးသားတို့ကို နောင်လာကာလ၌ ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 49