ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 49:17-36 Judson Bible (BJB)

17. ဧဒုံပြည်သည် အံ့ဩရာဖြစ်၍၊ ရှောက်သွားသော သူတိုင်းအံ့ဩကြလိမ့်မည်။ သူခံရသော ဘေးဥပဒ် အပေါင်းတို့ကြောင့် ကဲ့ရဲ့သံကို ပြုကြလိမ့်မည်။

18. သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ နီးစပ်သောမြို့တို့၏ ပျက်စီးခြင်းကဲ့သို့ဖြစ်၍၊ဧဒုံပြည်၌ အဘယ်သူမျှ မနေရ။ လူသားတစုံတယောက်မျှ နေရာမကျရဟု ထာဝရဘုရားမိန့်တော်မူ၏။

19. ခြင်္သေ့သည် ယော်ဒန်မြစ်၏ ဂုဏ်အသရေမှ တတ်သကဲ့သို့၊ ရန်သူသည် ကျောက်နှင့်ပြည့်စုံသော နေရာသို့တက်သောအခါ၊ နေသောသူသည် ချက်ခြင်း ပြေးမည်အကြောင်းကို ငါပြုမည်။ ရွေးချယ်သော သူကိုလည်း၊ ဧဒုံပြည်အပေါ်မှာ ငါခန့်ထားမည်။ ငါနှင့် အဘယ်သူတူသနည်း။ ငါ့အချိန်ကို အဘယ်သူ ချိန်းချက်မည်နည်း။ အဘယ်မည်သော သိုးထိန်းသည် ငါ့ရှေ့မှာ ရပ်နိုင်သနည်း။

20. သို့ဖြစ်၍၊ ထာဝရဘုရားသည် ဧဒုံပြည်တဘက်၌ ကြံစည်တော်မူသောအကြံ၊ တေမန်ပြည်သားတို့ တဘက်၌ ကြံစည်တော်မူသော အကြံအစည်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ်ရန်သူသည်၊ အားမရှိ သောထိုသိုးတို့ကို လုယက်လိမ့်မည်။ အကယ်စင်စစ် သူတို့ရှိရာသို့လာ၍၊ ကျက်စားရာအရပ်တို့ကို ဖျက်ဆီးလိမ့်မည်။

21. သူတို့ပြိုလဲသော အသံကြောင့် မြေကြီးလှုပ်ရှား၏။ သူတို့အော်ဟစ်သော အသံကို ဧဒုံပင်လယ်တိုင်အောင် ကြားရ၏။

22. ရန်သူသည် တက်၍ ရွေလင်းတကဲ့သို့ပျံလျက်၊ ဗောဇရမြို့ကို အတောင်တို့နှင့် ဖြန့်မိုးလိမ့်မည်။ ထိုနေ့၌ ဧဒုံပြည်သားသူရဲတို့၏ စိတ်နှလုံးသည်၊ သားဘွားခြင်း ဝေဒနာကိုခံရသော မိန်းမ၏စိတ်နှလုံးကဲ့သို့ဖြစ်လိမ့်မည်။

23. ဒမာသက်မြို့ကို ရည်မှတ်သော စကားဟူမူကား၊ ဟာမတ်မြို့နှင့် အာပဒ်မြို့တို့သည် မကောင်းသော သိတင်းကိုကြားသောကြောင့်၊ အရှက်ကွဲ၍ စိတ်ပျက်လျက်ရှိကြ၏။ ပင်လယ်တိုင်အောင် စိုးရိမ်စရာရှိသောကြောင့်၊ ငြိမ်ဝပ်ခြင်းသို့မရောက်နိုင်။

24. ဒမာသက်မြို့သည် အားလျော့ပြီ။ ပြေးအံ့သောငှါ ကိုယ်ကိုလှည့်ပြီ။ တုန်လှုပ်လျက်နေ၏။ ဒုက္ခဆင်းရဲကို၎င်း၊ သားဘွားသောမိန်းမခံရသကဲ့သို့၊ ပြင်းစွာသောဝေဒနာကို၎င်း ခံရ၏။

25. အသရေရှိသောမြို့၊ ငါဝမ်းမြောက်စရာမြို့သည် အဘယ်ကြောင့် မကျန်ကြွင်းရသနည်း။

26. သို့ဖြစ်၍၊ ထိုမြို့သားလုလင်တို့သည် လမ်းမတို့၌ လဲ၍၊ ထိုနေ့တွင် စစ်သူရဲအပေါင်းတို့သည် ဆုံးရှုံးကြလိမ့်မည်။

27. ငါသည်လည်း၊ ဒမာသက်မြို့ရိုးကို မီးရှို့၍၊ ဗင်္ဟာဒဒ်၏ နန်းတော်တို့ကို လောင်စေမည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။

28. ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာလုပ်ကြံသော ကေဒါပြည်နှင့် ဟာဇော်နိုင်ငံတို့ကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထကြလော့။ ကေဒါပြည်သို့ သွား၍၊ အရှေ့မျက်နှာအရပ်သားတို့ကို လုယူကြလော့။

29. သူတို့တဲများနှင့်သိုးစုများကို၎င်း၊ ကုလားကာများ၊ အသုံးအဆောင်များ၊ ကုလားအုပ်များကို၎င်း သိမ်း၍ ယူသွားရကြမည်။ သူတို့ပတ်လည်၌ ကြောက်လန့်စရာအကြောင်းကို ကြွေးကြော်ရကြမည်။

30. ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဟာဇော်ပြည်သားတို့၊ ဝေးစွာ ပြေးသွားကြလော့။ နက်နဲသော အရပ်တို့၌ နေကြလော့။ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် သင်တို့ကိုရည်ဆောင်၍ စီရင်မည်ဟု သင်တို့ တဘက်၌ ကြံစည်သောအကြံအစည်ရှိ၏။

31. ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထကြလော့။ ငြိမ်ဝပ်စွာနေ၍ စိုးရိမ်စရာမရှိသောလူမျိုး၊ မြို့တံခါးနှင့်ကန့်လန့်ကျင်ကို မသုံးတတ်၊ အပေါင်းအဘော်မရှိ၊ တခြားစီနေတတ်သောလူမျိုးနေရာသို့ သွားကြလော့။

32. သူတို့ကုလားအုပ်အစရှိသောတိရစ္ဆာန်အပေါင်းတို့သည် လုယူရာဖြစ်ကြလိမ့်မည်။ ပါးမုန်းကိုရိတ်တတ်သော လူမျိုးကိုအရပ်ရပ်သို့ ငါကွဲပြားစေမည်။ အရပ်ရပ်တို့မှ သူတို့၌ ဘေးဥပဒ်ကိုငါရောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

33. ဟာဖော်ပြည်သည် မြေခွေးနေရာ၊ လူဆိတ်ညံရာ အစဉ်ဖြစ်၍၊ အဘယ်သူမျှမနေရ။ လူသားတစုံတယောက်မျှ မနေရ။ လူသားတစုံ တယောက်မျှနေရာ မကျရ။

34. ယုဒရှင်ဘုရင် ဇေဒကိမင်းနန်းစံစက၊ ဧလံပြည်ကို ရည်မှတ်သော ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ပရောဖက်ယေရမိသို့ ရောက်လာ၍၊

35. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဧလံ၏လေးတည်းဟူသော သူ၏ အစွမ်းသတ္တိအထွဋ်အမြတ်ကို ငါချိုးမည်။

36. အရပ်လေးမျက်နှာတို့က လေလေးမျိုးကို ဧလံပြည်သို့ငါဆောင်ခဲ့မည်။ ထိုလေတို့ရှေ့မှာ ပြည်သားများကို ငါလွှင့်မည်။ ထိုသို့နှင်ထုတ်သော ဧလံပြည်သားမရောက်သော တိုင်းနိုင်ငံတခုမျှမရှိရ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 49