ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 44:16-28 Judson Bible (BJB)

16. သင်သည်ထာဝရဘုရား၏ နာမတော်ကို အမှီပြု ၍၊ ငါတို့အား ဟောပြောသောစကားကို ငါတို့သည် နားမထောင်။

17. ငါတို့မှစ၍ ငါတို့ဘိုးဘေး၊ ရှင်ဘုရင်၊ မှူးမတ်တို့သည် ယုဒမြို့များ၊ ယေရုရှလင်လမ်းများ၌ ပြုဘူးသကဲ့သို့၊ ကောင်းကင်မိဖုရားအဘို့ နံ့သာပေါင်းကို မီးရှို့၍၊ သွန်းလောင်းရာ ပူဇော်သက္ကာကိုပြုခြင်းငှါ၊ ကိုယ်အလိုအလျောက် စီရင်သည်အတိုင်း ဆက်ဆက်ပြုမည်။ အထက်က ဝစွာစားရကြ၏။ ဘေးနှင့်လွတ်၍ ချမ်းသာစွာ နေရကြ၏။

18. ကောင်းကင်မိဖုရားအဘို့နံ့သာပေါင်းကို မီးမရှို့၊ သွန်းလောင်းရာပူဇော်သက္ကာကို မပြုဘဲနေပြန်သောအခါ၊ အလွန်ဆင်းရဲခြင်း၊ ထားဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြပြီ။

19. ကောင်းကင်မိဖုရားအဘို့ နံ့သာပေါင်းကိုမီးရှို့၍၊ သွန်းလောင်း ရာပူဇော်သက္ကာကို ပြုသောအခါ၊ ငါတို့၏ ယောက်ျားမပါဘဲ မုန့်ပြားတို့ကို လုပ်၍၊ သွန်းလောင်းရာ ပူဇော်သက္ကာပြုလျက် ကိုးကွယ်သလောဟုပြန်ပြောကြ၏။

20. ထိုသို့ပြန်ပြောသော ယောက်ျားမိန်းမအပေါင်းတို့အား ယေရမိပြန်ပြောသည်ကား၊

21. သင်တို့မှစ၍ သင်တို့ဘိုးဘေး၊ ရှင်ဘုရင်၊ မှူးမတ်၊ ပြည်သူပြည်သားတို့သည် ယုဒမြို့များ၊ ယေရုရှလင်လမ်းများ၌ မီးရှို့သောနံ့သာပေါင်းကို ထာဝရဘုရားသည် မအောက်မေ့၊ နှလုံးမသွင်းဘဲ နေတော်မူသလော။

22. သင်တို့ပြုသောဒုစရိုက်၊ စက်ဆုပ်ရွံရှာဘွယ် သောအမှုတို့ကို ထာဝရဘုရားသည် သည်းခံတော်မမူနိုင် သောကြောင့်၊ သင်တို့ပြည်သည်၊ ယနေ့ဖြစ်သည်အတိုင်း၊ နေသောသူမရှိ၊ လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာ၊ ကျိန်ဆဲရာ ဖြစ်လေပြီတကား။

23. သင်ကိုသည် နံ့သာအပေါင်းကို မီးရှို့၍ ထာဝရဘုရားကိုပြစ်မှားသောကြောင့်၎င်း၊ ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်၊ ထုံးဖွဲ့ချက်၊ သက်သေခံချက်ပညတ်တရားတော်လမ်းသို့ မလိုက်သောကြောင့်၎င်း၊ ဤဘေးသည် ယနေ့၌ရှိသည်အတိုင်း၊ သင်တို့၌ ရောက်လေပြီတကားဟု ပြောဆို၏။

24. တဖန်မိန်းမအပေါင်းတို့နှင့် လူခပ်သိမ်းတို့အား ယေရမိဟောပြောသည်ကား၊ အဲဂုတ္တုပြည်၌ရှိသော ယုဒ လူအပေါင်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။

25. ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့နှင့်သင်တို့မယားတို့က၊ ငါတို့သည် ကောင်းကင် မိဖုရားအဘို့ နံ့သာပေါင်းကို မီးရှို့၍ သွန်းလောင်း ပူဇော်သက္ကာပြုခြင်းငှါ၊ သစ္စာဂတိထားသည်နှင့်အညီ ဆက်ဆက်ပြုမည်ဟု နှုတ်နှင့်ပြော၍ လက်နှင့် ပြုသည်အတိုင်း၊ သင်တို့သည် ကိုယ်ထားသော သစ္စာဂတိကို ဆက်ဆက်စောင့်၍၊ သစ္စာဂတိထားသည်အတိုင်း ပြုကြလိမ့်မည်။

26. သို့ဖြစ်၍ အဲဂုတ္တုပြည်၌ နေသောယုဒလူ အပေါင်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အရှင် ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ အဲဂုတ္တုပြည် တရှောက်လုံးတွင်၊ ယုဒလူတယောက်မျှငါ၏ နာမကို မမြွက်မဆိုရမည်အကြောင်း၊ ငါသည် ကိုယ်မဟာနမကို တိုင်တည်၍ ကျိန်ဆို၏။

27. သူတို့ကို ကျေးဇူးပြုခြင်းငှါမဟုတ်၊ အပြစ်ပြုခြင်းငှါ ငါစောင့်သည်ဖြစ်၍၊ အဲဂုတ္တုပြည်၌ရှိသော ယုဒလူအပေါင်းတို့သည် ဆုံးရှုံးခြင်းသို့ မရောက်မှီတိုင်အောင် ထားဘေး၊ မွတ်သိပ်ခြင်းဘေးနှင့် ပျက်စီးကြလိမ့်မည်။

28. သို့ရာတွင်၊ ထားဘေးနှင့်လွတ်၍၊ အဲဂုတ္တုပြည်မှ ယုဒပြည်သို့ ပြန်ရသောသူတို့သည် နည်းကြလိမ့်မည်။ ငါ့စကားတည်မည်၊ သူတို့စကားတည်မည်ကို၊ အဲဂုတ္တုပြည်၌ တည်းခိုခြင်းငှါသွားသော ယုဒလူအကျန်အကြွင်းတို့သည် သိကြလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 44