ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 4:5-18 Judson Bible (BJB)

5. ယုဒပြည်၌ တံပိုးမှုတ်ကြလော့ဟု၊ ယေရုရှလင်မြို့မှစ၍ တပြည်လုံးကြွေးကြော်၍ သိတင်းကြားကြလော့။ စည်းဝေး၍ ခိုင်ခံ့သောမြို့များအတွင်းသို့ ဝင်ကြကုန်အံ့ ဟုအရပ်ရပ်၌ အနှံ့အပြား ကြွေးကြော်ကြလော့။

6. ဇိအုန်တောင်ပေါ်မှာ အလံကို ထူကြလော့။ လွတ်အောင် ပြေးကြလော့။ ရပ်၍ မနေကြနှင့်။ အကြောင်းမူကား၊ ကြီးစွာသော ပျက်စီးခြင်း ဘေးဥပဒ်ကို မြောက်မျက်နှာမှ ငါသည် ဆောင်ခဲ့မည်။

7. ခြင်္သေ့သည် မိမိနေရာခြုံထဲက ထွက်လာပြီ။ တိုင်းနိုင်ငံတို့ကို ဖျက်ဆီးသောသူသည် လမ်း၌လာဆဲ ရှိ၏။ သင်၏ပြည်ကို လူဆိတ်ညံရာ အရပ်ဖြစ်စေခြင်းငှါ၊ သူသည် မိမိနေရာမှ ထွက်လာသည်ဖြစ်၍၊ သင်၏ မြို့တို့ သည် လူမနေနိုင်အောင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။

8. ထိုအကြောင်းကြောင့် လျှော်တေအဝတ်ကို ဝတ်စည်းလျက်၊ ငိုကြွေးမြည်တမ်း၍ အော်ဟစ်ကြလော့။ အကြောင်းမူကား၊ ထာဝရဘုရား၏ ပြင်းစွာသော အမျက်တော်သည် ငါတို့မှ လွှဲရှောင်၍ မသွားသေး။

9. ထိုအခါ ရှင်ဘုရင်နှင့်မှူးမတ်တို့သည် စိတ်ပျက် ကြလိမ့်မည်။ ယဇ်ပုရောဟိတ်တို့သည် မိန်းမောတွေဝေ လျက်၊ ပရောဖက်တို့သည် ထိတ်လန့်လျက်ရှိကြလိမ့်မည် ဟု ထာဝရဘုရား မိန့်တော်မူ၏။

10. ငါကလည်း၊ အို အရှင်ထာဝရဘုရား၊ သန်လျက်သည် အသက်ကိုထိသည်တိုင်အောင် ခွင်းသော်လည်း၊ သင်တို့သည် ငြိမ်သက်ခြင်း ရှိကြလိမ့်မည်ဟု ကိုယ်တော်သည် မိန့်တော်မူသောအားဖြင့်၊ ဤလူများနှင့်တကွ ယေရုရှလင်မြို့သားတို့ကို အလွန်လှည့်စားတော်မူပါပြီ တကားဟု လျှောက်ဆို၏။

11. ထိုကာလ၌ ဤလူများနှင့် ယေရုရှလင်မြို့သား တို့ကို ရည်မှတ်၍ ဆိုရမည်ကား၊ ပူသောလေသည် တော၌မြင့်သောအရပ်က ငါ၏လူမျိုး သတို့သမီးထံသို့ လာလိမ့်မည်။ အမှော်လွင့်စေခြင်း၊ သန့်ရှင်းစေခြင်းငှါ လာသော လေမဟုတ်။

12. ထိုလေထက်ပြင်းသော လေသည် ငါ့အလိုကို ပြည့်စုံစေခြင်းငှါ လာလိမ့်မည်။ ယခုပင် သူတို့ကို ငါ့ကိုယ်တိုင် စစ်ကြောစီရင်မည်။

13. လာသောမင်းသည် မိုဃ်းတိမ်ကဲ့သို့ လာလိမ့်မည်။ သူ၏ရထားတို့သည် လေဘွေကဲ့သို့ဖြစ်ကြ၏။ သူ၏မြင်းတို့သည် ရွှေလင်းတထက် သာ၍ လျင်မြန်ကြ၏။ ငါတို့သည် အမင်္ဂလာရှိကြ၏။ ပျက်စီးခြင်းသို့ ရောက်ကြပြီ။

14. အို ယေရုရှလင်မြို့၊ သင်သည် ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ၊ သင်၏စိတ်နှလုံးကို ဒုစရိုက်အပြစ်နှင့် ကင်းစင်စေလော့။ သင်၏အဓမ္မအကြံအစည်တို့သည် အဘယ်မျှ ကာလပတ်လုံး သင်၏ အထဲ၌တည်နေရမည်နည်း။

15. ဒန်ပြည်၌ အသံကို ကြားရ၏။ ဧဖရိမ်တောင်ပေါ်မှာ ဒုက္ခသိတင်းကို ဟစ်ကြော်ကြ၏။

16. အပြည်ပြည်တို့၌ သိတင်းကြားကြလော့။ ယေရုရှလင်မြို့ကို ရည်မှတ်၍ ကြွေးကြော်ကြလော့။ ကင်းစောင့်တို့သည် ဝေးသောပြည်က လာ၍၊ ယုဒမြို့များ တဘက်၌ ထူးကြလိမ့်မည်။

17. လယ်ကိုစောင့်သောသူများကဲ့သို့၊ ထိုသူတို့သည် ယုဒပြည်ကို ဝန်းရံကြ၏။ အကြောင်းမူကား၊ ထိုပြည်သည် ငါ့ကို ပုန်ကန်ပြီ။

18. သင်လိုက်သောထုံးစံနှင့် သင်ကျင့်သော အကျင့်တို့သည် သင့်အပေါ်မှာ ဤအမှုကို သက်ရောက်စေပြီ။ သင်သည် ထိုသို့သောအမှုနှင့် တွေ့၍ ခါးစပ်သောစိတ်၊ နာကြည်းသော စိတ်ရှိရာ၏ဟု ထာဝရဘုရား မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 4