ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 4:16-31 Judson Bible (BJB)

16. အပြည်ပြည်တို့၌ သိတင်းကြားကြလော့။ ယေရုရှလင်မြို့ကို ရည်မှတ်၍ ကြွေးကြော်ကြလော့။ ကင်းစောင့်တို့သည် ဝေးသောပြည်က လာ၍၊ ယုဒမြို့များ တဘက်၌ ထူးကြလိမ့်မည်။

17. လယ်ကိုစောင့်သောသူများကဲ့သို့၊ ထိုသူတို့သည် ယုဒပြည်ကို ဝန်းရံကြ၏။ အကြောင်းမူကား၊ ထိုပြည်သည် ငါ့ကို ပုန်ကန်ပြီ။

18. သင်လိုက်သောထုံးစံနှင့် သင်ကျင့်သော အကျင့်တို့သည် သင့်အပေါ်မှာ ဤအမှုကို သက်ရောက်စေပြီ။ သင်သည် ထိုသို့သောအမှုနှင့် တွေ့၍ ခါးစပ်သောစိတ်၊ နာကြည်းသော စိတ်ရှိရာ၏ဟု ထာဝရဘုရား မိန့်တော်မူ၏။

19. ငါ့အသည်းသည်နာ၏။ ငါ့အသည်းသည်နာ၏။ ငါ့နှလုံးအရေဖျားလည်းနာ၏။ ငါ့အထဲ၌ ငါ့နှလုံးပူဆွေး၏။ ငါသည် တိတ်ဆိတ်စွာ မနေနိုင်။ အကြောင်းမူကား၊ အိုငါ့ဝိညာဉ်၊ သင်သည် တံပိုးမှုတ်သံနှင့် စစ်တိုက်သံကို ကြားရ၏။

20. ပျက်စီးပြီ၊ ပျက်စီးပြီဟု အထပ်ထပ် ဟစ်ကြော်ရ၏။ တပြည်လုံးပျက်စီးပြီ။ ငါ၏တဲတို့သည် ခဏခြင်းတွင် ပျက်စီးကြပြီ။ ငါ၏ကုလားကာတို့သည် ချက်ခြင်း ပျက်စီးကြပြီ။

21. ငါသည် အဘယ်မျှကာလပတ်လုံး အလံကို မြင်ရအံ့နည်း။ အဘယ်မျှကာလပတ်လုံး တံပိုးသံကို ကြားရအံ့နည်း။

22. အကယ်စင်စစ် ငါ၏လူတို့သည် ထိုင်းမှိုင်း၍ ငါ့ကို မသိကြ။ မိုက်သောသူငယ်ဖြစ်၍ ဥာဏ်မရှိကြ။ မကောင်းသောအမှုတို့၌ လိမ္မာကြ၏။ ကောင်းသောအမှုတို့ကို မပြုတတ်ကြ။

23. ငါသည်မြေကြီးကိုကြည့်ရှု၍ လွတ်လပ်လဟာ ဖြစ်၏။ မိုဃ်းကောင်းကင်ကိုလည်း ငါကြည့်ရှု၍ အလင်းမရှိ။

24. တောင်တို့ကိုလည်း ငါကြည့်ရှု၍၊ သူတို့နှင့်တကွ ကုန်းရှိသမျှတို့သည် တုန်လှုပ်လျက်နေကြ၏။

25. ငါကြည့်ရှု၍ လူမရှိ။ မိုဃ်းကောင်းကင်ငှက်အပေါင်းတို့သည် ပြေးကြပြီ။

26. ငါကြည့်ရှု၍ ဝပြောသော ပြည်သည် တောဖြစ်လေပြီ။ မြို့များတို့သည် ပြိုပျက်လျက်ရှိကြ၏။ ထာဝရ ဘုရားရှေ့၊ ပြင်းစွာသော အမျက်တော်ရှေ့၌ ထိုသို့သော အခြင်းအရာတို့သည် ဖြစ်ရကြ၏။

27. ထာဝရဘုရားမိန့်တော်မူသည်ကား၊ တပြည်လုံးပျက်စီးရာ ဖြစ်လိမ့်မည်။ ပျက်စီးခြင်းကို ငါမဆီးတား၊

28. ထိုကြောင့်၊ မြေကြီးသည် ညည်းတွားလိမ့်မည်။ မိုဃ်းကောင်းကင်လည်း နက်လိမ့်မည်။ ငါသည် ပြောပြီးမှ နောင်တမရှိ။ ကြံပြီးမှ အကြံမပျက်ရ။

29. မြင်းစီးသူရဲနှင့် လေးကိုင်သူရဲတို့ ဟစ်သောအသံကြောင့်၊ မြို့သားအပေါင်းတို့သည် တောအုပ်သို့ ပြေးသွားကြ၏။ ကျောက်ပေါ်သို့ တက်ကြ၏။ မြို့ရှိသမျှ တို့ကို စွန့်ပစ်၍ နေသောသူတယောက်မျှ မရှိရ။

30. သင်သည် ပျက်စီးခြင်းသို့ ရောက်သောအခါ အဘယ်သို့ပြုလိမ့်မည်နည်း။ နီမောင်းသော အဝတ်ကို ဝတ်သော်၎င်း၊ ရွှေတန်ဆာကို ဆင်သော်၎င်း၊ သင်၏ မျက်နှာစုတ်ပဲ့သည်တိုင်အောင် ဆေးသုတ်သော်၎င်း၊ သင်၏တင့်တယ်ခြင်းကို အချည်းနှီးပြ၏။ သင်၏ ရည်းစားတို့သည် သင့်ကိုစွန့်၍၊ သင်၏အသက်ကို သတ်ခြင်းငှါ ရှာကြံကြ၏။

31. အကယ်စင်စစ် သားဘွားသော မိန်းမညည်းသံ၊ သားဦးဘွားသော မိန်းမ၏ဝေဒနာခံရာ အသံကဲ့သို့၊ ဇိအုန်သတို့သမီး အော်ဟစ်သံကို ငါကြားရ၏။ ထိုသတို့ သမီးက၊ အကျွန်ုပ်သည် အမင်္ဂလာရှိပါ၏။ လူသတ် များကြောင့်၊ အကျွန်ုပ်စိတ်ပျက်ပါ၏ဟု မိမိလက်ဝါးကို ဖြန့်၍ ငိုကြွေးလျက်နေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 4