ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 37:1-15 Judson Bible (BJB)

1. ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယုဒ ရှင်ဘုရင်အရာ၌ ခန့်ထားသော ယောယကိမ်သားခေါနိ အရာ၌၊ ယောရှိမင်းကြီး၏ သားဇေဒကိမင်းကြီးသည် နန်းထိုင်လေ၏။

2. ထာဝရဘုရားသည် ယေရမိအားဖြင့် မိန့်တော်မူသော စကားတော်တို့ကို၊ ထိုမင်းကြီးအစရှိသော ကျွန်များ၊ ပြည်သူပြည်သားများတို့သည် နားမထောင်ဘဲ နေကြ၏။

3. တရံရောအခါ ဇေဒကိမင်းကြီးသည်၊ ရှေလမိ သားယေဟုကလနှင့်ယဇ်ပုရောဟိတ် မာသေယသား ဇေဖနိတို့ကို ပရောဖက်ယေရမိထံသို့ စေလွှတ်၍၊ ငါတို့အဘို့ ငါတို့ဘုရားသခင်ထာဝရ ဘုရားအားဆုတောင်းပါလော့ ဟု မှာလိုက်၏။

4. ထိုအခါ ယေရမိသည် ထောင်ထဲသို့ မရောက်သေး။ လူများ တို့နှင့်ပေါင်းဘော်လျက် နေသေး၏။

5. ယေရုရှလင်မြို့ကို ပိုင်းသော ခါလဒဲလူတို့သည်၊ အဲဂုတ္တုပြည်မှ ဖာရောဘုရင်၏ ဗိုလ်ခြေများစစ်ချီ၍ လာကြောင်းကို ကြားလျှင်၊ ထိုမြို့မှ ထွက်သွားကြပြီ။

6. ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ယေရမိသို့ ရောက်၍၊

7. ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ့ကိုမေးလျှောက်စေခြင်းငှါ၊ သင့်ကိုမှာလိုက်သော ယုဒရှင်ဘုရင်အား ဤသို့ပြန်ပြောလော့။ သင်တို့ကိုစစ်ကူခြင်းငှါလာသော ဖာရောဘုရင်၏ ဗိုလ်ခြေတို့သည်သူတို့နေရင်း အဲဂုတ္တုပြည်သို့ ပြန်သွားကြလိမ့်မည်။

8. ခါလဒဲလူတို့သည် လာပြန်၍၊ ဤမြို့ကို တိုက်ယူပြီးလျှင် မီးရှို့ကြလိမ့်မည်။

9. ထာဝရဘုရားမိန့်တော်မူသည်ကား၊ အကယ်စင်စစ် ခါလဒဲလူတို့သည် ငါတို့ထံမှ ထွက်သွားကြလိမ့်မည်ဟု ဆို၍ ကိုယ်ကိုကိုယ်မလှည့်စားကြနှင့်။ သူတို့သည် ထွက်၍ မသွားရကြ။

10. ထိုမျှမက၊ သင်တို့ကိုစစ်တိုက်သော ခါလဒဲ စစ်သူရဲအပေါင်းတို့ကို သင်တို့သည်လုပ်ကြံသဖြင့်၊ သူတို့တွင် ဒဏ်ချက်ထိသော သူသက်သက် ကျန်ကြွင်းသော်လည်း၊ သူတို့သည် အသီးအသီးမိမိတို့ထဲ၌ထ၍၊ ဤမြို့သို့ မီးရှို့ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

11. ခါလဒဲစစ်သူရဲတို့သည် ဖာရောဘုရင်၏ဗိုလ်ခြေတို့ကို ကြောက်ရွံ့၍၊ ယေရုရှလင်မြို့မှ ဆုတ်သွားကြသောအခါ၊

12. ယေရမိသည်မိမိအမျိုး၌ မိမိအမွေဥစ္စာကို ခံအံ့သောငှါ၊ ဗင်္ယာမိန်ပြည်သို့သွားမည်ဟု အကြံရှိ၍ ယေရုရှလင်မြို့မှ ထွက်သွားလေ၏။

13. ဗင်္ယာမိန်တံခါးဝသို့ ရောက်သောအခါ၊ ဟာနနိ သားဖြစ်သော ရှေလမိ၏ သားကင်းမှူးဣရိယက၊ သင်သည်ခါလဒဲ လူတို့ဘက်သို့ ကူးသွားပါသည်တကား ဟုဆိုလျက်၊ ပရောဖက်ယေရမိကိုဘမ်းဆီးလေ၏။

14. ယေရမိ ကလည်း၊ မဟုတ်ပါ။ ခါလဒဲလူတို့ ဘက်သို့ ငါမကူးမသွားပါဟုဆိုသော်လည်း၊ ဣရိယသည် နားမထောင်ဘဲ၊ ယေရမိကို ယူ၍ မင်းများထံသို့ ပို့ဆောင်လေ၏။

15. မင်းများတို့သည် အမျက်ထွက်၍ ယေရမိကို ရိုက်ပြီးမှ၊ စာရေးတော်ယောနသန်၏အိမ်၌ လှောင်ထားကြ၏။ ထိုအိမ်ကို လှောင်အိမ်လုပ်နှင့်သတည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 37