ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 32:5-17 Judson Bible (BJB)

5. ဇေဒကိကိုလည်း ဗာဗုလုန်မြို့သို့ ဆောင်သွား လိမ့်မည်။ငါအကြည့်အရှုမလာမှီတိုင်အောင်၊ ထိုမြို့၌ နေရလိမ့်မည်။ သင်တို့သည် ခါလဒဲလူတို့ကို စစ်တိုက်၍ မနိုင်ရကြဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို၊ သင်သည် အဘယ်ကြောင့် ပရောဖက်ပြု၍ ဟောသနည်းဟု ဆို၍ ထောင်ထဲမှာ လှောင်ထားသတည်း။

6. ထိုအခါယေရမိက၊ ငါ့ဆီသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊

7. သင်၏ဘထွေး ရှလ္လုံသား ဟာနမေလသည် သင့်ထံသို့လာ၍၊ အာနသုတ်မြို့မှာရှိသော ကျွန်ုပ်လယ်ကို သင်သည် ရွေးပိုင်သောကြောင့်၊ ဝယ်ပါဟု ပြောဆို လိမ့်မည်အကြောင်းကို ထာဝရဘုရား မိန့်တော်မူသည်နှင့် အညီ၊

8. ငါ့ဘထွေး သား ဟာနမေလသည် ငါရှိရာ ထောင်ဝင်းထဲသို့ လာ၍၊ ဗင်္ယာမိန်ခရိုင်၊ အာနသုတ်မြို့၌ ရှိသော ကျွန်ုပ်လယ်ကို ဝယ်ပါလော့။ သင်သည် အမွေခံပိုင်သော အခွင့်နှင့် ရွေးပိုင်သော အခွင့်ရှိသည် ဖြစ်၍၊ ကိုယ်အဘို့ ဝယ်ပါဟု ငါ့အားပြောဆို၏။ ထိုအခါ ထာဝရဘုရား စီရင်တော်မူသော အမှုဖြစ်ကြောင်းကို ငါသိသောကြောင့်၊

9. အာနသုတ်မြို့၌ရှိသော ငါ့ဘထွေးသား ဟာနမေလ၏လယ်ကို ငါဝယ်၍ လယ်ဘိုးငွေ တဆယ် ခုနစ်ကျပ်ကို ချိန်ပေးလေ၏။

10. စာချုပ်ကိုလည်း စီရင်၍ တံဆိပ်ခတ်ပြီးမှ၊ သက်သေတို့ကိုခေါ်၍ ငွေကို ချိန်ခွင်နှင့်ချိန်ပေး၏။

11. ဓမ္မသတ်ထုံးစံအတိုင်း တံဆိပ်ခတ်သော စာချုပ်တစောင်နှင့် ဖွင့်ထားသောလက်ခံတစောင်ကို ယူ၍၊

12. ဘထွေးသား ဟာနမေလ အစရှိသော၊ စာချုပ်၌ အမည်ပါသော သက်သေများ၊ ထောင်ဝင်းထဲမှာ ထိုင်နေသော ယုဒလူများအပေါင်းတို့ရှေ့တွင်၊ မာသေယသား ဖြစ်သော နေရိ၏သားဗာရုတ်၌ အပ်လျက်၊

13. ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊

14. တံဆိပ်ခတ်သော ဤစာချုပ်တစောင်နှင့် ဖွင့်ထားသော ဤလက်ခံတစောင်ကို ယူ၍၊ ကာလကြာမြင့်စွာ တည်နေစေခြင်းငှါ မြေအိုး၌ထားလော့။

15. ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤပြည်၌အိမ်၊ လယ်ယာ၊ စပျစ်ဥယျာဉ်တို့ကို ပိုင်ရကြလေဦးမည်ဟု မိန့်တော်မူကြောင်းကို ပြန်ပြောသဖြင့်၊ ထိုသူတို့ရှေ့မှာ ဗာရုတ်ကိုမှာထားလေ၏။

16. ထိုသို့နေရိသား ဗာရုတ်၌ စာချုပ်ကို အပ်ပြီးမှ၊ ထာဝရဘုရားအား ငါဆုတောင်းသော ပဌနာစကား ဟူမူကား၊

17. အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် မဟာတန်ခိုးနှင့် လက်ရုံးတော်ကိုဆန့်၍၊ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ။ ကိုယ်တော်မတတ်နိုင်သော အရာတစုံတစခုမျှ မရှိပါ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 32