ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 32:29-40 Judson Bible (BJB)

29. ဤမြို့ကို တိုက်သော ခါလဒဲလူတို့သည်ဝင်၍ မီးရှို့ကြလိမ့်မည်။ ငါ့အမျက်ကိုနှိုးဆော်ခြင်းငှါ ဗာလ ဘုရားအဘို့ အိမ်မိုးပေါ်မှာ နံ့သာပေါင်းကိုမီးရှို၍၊ အခြား တပါးသော ဘုရားတို့အဘို့ သွန်းလောင်းရာပူဇော်သက္ကာ ကိုပြုရာ အိမ်များနှင့်တကွ၊ တမြို့လုံးကို မီးလောင်စေကြလိမ့်မည်။

30. အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့နှင့် ယုဒအမျိုးသားတို့သည်၊ ငယ်သော အရွယ်မှစ၍ ငါ့ရှေ့မှာ ဒုစရိုက်ကိုသာ ပြုကြပြီ။ မိမိတို့ ပြုလေရာရာ၌ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါသာ ပြုကြပြီ။

31. ဣသရေလအမျိုးနှင့် ယုဒအမျိုး၏

32. ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ ယုဒပြည်သူ ယေရုရှလင်မြို့သားတို့သည် ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ ပြုလေသမျှသော ဒုစရိုက်ကြောင့်၊ ဤမြို့ကို ငါ့ထံမှ ငါပယ်ရှားမည်အကြောင်း၊ မြို့တည်သော နေ့မှစ၍ ယနေ့တိုင်အောင်၊ ငါ့အမျက်ထွက်၍၊ အမျက် အရှိန်အားကြီးစေသော မြို့ဖြစ်၏။

33. သူတို့သည် ငါ့ကိုမျက်နှာမပြုဘဲ ကျောခိုင်းကြပြီ။ ငါသည် စောစောထ၍ အထပ်ထပ်ဆုံးမ သွန်သင်သော် လည်း၊ ငါ၏ဩဝါဒကို ခံလိုသောငှါ နားမထောင်ကြ။

34. ငါ၏နာမဖြင့် သမုတ်သော ဗိမာန်ကို ညစ်ညှုးစေခြင်းငှါ၊ စက်ဆုပ်ရွံရှာဘွယ်သော အရာတို့ကို သွင်းထားကြပြီတကား၊

35. သူတို့သားသမီးတို့ကို မောလုပ်ဘုရားအား ပူဇော်ခြင်းငှါ၊ ဟိန္နုံ သား၏ချိုင့်၌ရှိသော ဗာလဘုရား၏ ကုန်းတို့ကို တည်လုပ်ကြပြီ။ ယုဒအမျိုးအပေါ်သို့ အပြစ်ရောက်စေခြင်းငှါ၊ ထိုမျှလောက် စက်ဆုပ်ရွံရှာဘွယ် သောအမှုကို ငါမမှာထား၊ ငါအလျှင်အလိုမရှိဘဲ ပြုကြပြီ ဟု ထာဝရဘုရား မိန့်တော်မူ၏။

36. သို့ရာတွင်၊ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးအားဖြင့် ဗာဗုလုန်ရှင်ဘုရင် လက်သို့ ရောက်မည်ဟု သင်တို့ဆိုတတ်သော ဤမြို့ကို ရည်မှတ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊

37. ငါသည် အမျက်ဟုန်းဟုန်းထွက်၍၊ အမျက်အရှိန်အားကြီးသည်နှင့်၊ သူတို့ကိုနှင်ထုတ်ရာ တိုင်းပြည် ရှိသမျှတို့မှ၊ တဖန်စုသိမ်း၍ ဤအရပ်သို့ဆောင်ခဲ့ပြီးလျှင်၊ ငြိမ်ဝပ်စွာနေစေမည်။

38. သူတို့သည် ငါ၏လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သူတို့၏ ဘုရားသခင်ဖြစ်မည်။

39. ကိုယ်အကျိုးအလိုငှါ၎င်း၊ နောက်ဖြစ်လတံ့သော သားသမီးတို့၏ အကျိုးအလိုငှါ၎င်း၊ ငါ့ကိုအစဉ် ကြောက်ရွံ့စေခြင်းငှါ တညီတညွတ်တည်း ကျင့်ကြံနိုင်သောသဘောကို ငါပေးမည်။

40. သူတို့ကို မစွန့်ပစ်ဘဲ အစဉ်ကျေးဇူးပြုခြင်းငှါ၊ သူတို့၌ ထာဝရပဋိညာဉ်ကို ငါထားမည်။ သူတို့သည်လည်း ငါ့ထံမှ မထွက်မသွားမည်အကြောင်း၊ ငါ့ကိုကြောက်ရွံ့သောသဘောနှင့် ပြည့်စုံစေမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 32