ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 31:1-14 Judson Bible (BJB)

1. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ ငါသည် ဣသရေလအဆွေအမျိုးအပေါင်းတို့၏ ဘုရားသခင်ဖြစ်၍၊ သူတို့သည် ငါ၏လူဖြစ်ကြလိမ့်မည်။

2. တဖန် မိန့်တော်မူသည်ကား၊ ထားဘေးနှင့်လွတ်သော သူတို့သည် တော၌ကျေးဇူးကို ခံရကြပြီ။ ငါသည် ကြွသွား၍ ဣသရေလအမျိုးကို ချမ်းသာပေးမည်။

3. ထာဝရဘုရားသည် အဝေးက ထင်ရှား၍ မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌ကြာမြင့်စွာပြ၏။

4. အို ဣသရေလ သတို့သမီးကညာ၊ သင့်ကိုတဖန် ငါတည်ဆောက်သောကြောင့်၊ သင်သည် တည်ဆောက်ခြင်းသို့ ရောက်လိမ်မည်။ သင်သည် တဖန် ပတ်သာနှင့် တန်ဆာဆင်လျက်၊ ရွှင်မြူးခြင်းကို ပြုသောသူတို့နှင့် အတူကခုန်လျက်သွားလိမ့်မည်။

5. ရှမာရိတောင်ပေါ်မှာ စပျစ်ဥယျာဉ်ကို တဖန် စိုက်လိမ့်မည်။ ဥယျာဉ်လုပ်သောသူတို့သည် စိုက်ပျိုး၍၊ အသီးကို ကိုယ်အလိုအလျောက် စားရကြလိမ့်မည်။

6. ဧဖရိမ်တောင်ပေါ်မှာ ကင်းစောင့်တို့က၊ ထကြလော့။ ငါတို့ ဘုရားသခင် ထာဝရဘုရားရှိတော်မူရာ ဇိအုန်တောင်သို့သွားကြကုန်အံ့ဟု ကြွေးကြော်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။

7. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယာကုပ် အမျိုးအား၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ လူမျိုးတို့၏ အထွဋ်၌ ကြွေးကြော်ကြလော့။ အို ထာဝရဘုရား၊ ကိုယ်တော်၏ လူမျိုးတည်းဟူသော၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားကို ကယ်တင်တော်မူပြီဟု မြွက်ဆိုလျက် သိတင်းကြားလိုက်၍ ချီးမွမ်းကြလော့။

8. သူတို့ကို မြောက်ပြည်မှ ငါဆောင်ခဲ့၍၊ မြေကြီးစွန်းမှ စုသိမ်းမည်။ မျက်စိကန်းသောသူ၊ ခြေဆွံ့သောသူ၊ ကိုယ်ဝန်ဆောင်သောမိန်းမ၊ သားဘွားခြင်းဝေဒနာကို ခံရသောမိန်းမများလည်းပါလျက်၊ ကြီးစွာသော အစည်းအဝေးတို့သည် ပြန်လာကြလိမ့်မည်။

9. ငိုကြွေးလျက် လာကြလိမ့်မည်။ ဆုတောင်း ပဌနာပြုလျက်ရှိသော ထိုသူတို့ကို ငါပို့ဆောင်မည်။ မြစ်နားမှာ ရှောက်သောလမ်း၊ ထိမိ၍ မလဲရသော လမ်းဖြောင့်တို့၌ ငါသွေးဆောင်မည်။ အကြောင်းမူကား၊ ငါသည် ဣသရေလအမျိုး၏ အဘဖြစ်၏။ ဧဖရိမ်အမျိုးသည် ငါ၏ သားဦးဖြစ်၏။

10. အိုလူမျိုးတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ဝေးသောအရပ်ရပ်တို့၌ ကြွေးကြော်၍၊ ဣသရေလ အမျိုးသားတို့ကို အရပ်ရပ်သို့ ကွဲပြားစေသောသူသည် တဖန်စုသိမ်းပြီးလျှင်၊ သိုးထိန်းသည် မိမိသိုးစုကိုစောင့်တတ်သကဲ့သို့ စောင့်တော်မူမည်ဟု ကြားပြောကြလော့။

11. အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ် အမျိုးကို ရွေးနှုတ်တော်မူပြီ။ သူ့ထက်အားကြီးသော သူ၏လက်မှ ကယ်လွှတ်တော်မူပြီ။

12. ထိုကြောင့်အမျိုးသားတို့သည် လာ၍၊ ဇိအုန်တောင်ထိပ်၌ သီချင်းဆိုကြလိမ့်မည်။ ထာဝရဘုရား ပြုတော်မူခြင်း ကျေးဇူးတည်းဟူသော ဆန်စပါး၊ စပျစ် ရည်၊ ဆီ၊ သိုးသငယ်၊ နွားသငယ်တို့ကို ရအံ့သောငှါ စည်းဝေးကြလိမ့်မည်။ သူတို့စိတ်ဝိညာဉ်သည် ရေလောင်းသော ဥယျာဉ်ကဲ့သို့ဖြစ်၍၊ နောက်တဖန် ညှိုးငယ်ခြင်း မရှိရ။

13. ထိုအခါသမီးကညာသည် ကခုန်လျက်၊ လူပျို၊ လူအိုတို့နှင့်တကွ ပျော်မွေ့လိမ့်မည်။ သူတို့ညည်းတွားခြင်း အရာ၌ ဝမ်းမြောက်ခြင်းကို ငါဖြစ်စေမည်။ သူတို့သည် ဝမ်းနည်းခြင်းကို ခံရသောနောက်၊ စိတ်သက်သာ၍ ရွှင်လန်းမည်အကြောင်းကို ငါပြုမည်။

14. ယဇ်ပုရောဟိတ်တို့ကိုလည်း ဆူဖြိုးသော အမဲသားနှင့်ဝစွာ ကျွေးမည်။ ငါ၏လူတို့သည်လည်း ငါ့ကျေးဇူးနှင့် ဝပြောကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 31