ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 29:22-31-32 Judson Bible (BJB)

22. ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကို ခံရသော ယုဒအမျိုးသားအပေါင်းတို့က၊ ဗာဗုလုန်ရှင်ဘုရင်သည် မီးရှို့သောဇေဒကိနှင့် အာဟပ်ကဲ့သို့၊ ထာဝရဘုရားသည် သင့်ကို ဖြစ်စေတော်မူပါစေဟု ထိုသူတို့ကို ပုံဆောင်၍ ကျိန်ဆဲကြလိမ့်မည်။

23. အကြောင်းမူကား၊ သူတို့သည် ဣသရေလအမျိုး၌ အဓမ္မအမှုကို ပြုကြပြီ။ သူ့မယားတို့ကို ပြစ်မှားကြပြီ။ ငါမမှာထားဘဲ၊ ငါ၏နာမကို အမှီပြု၍ မုသာစကားကို ဟောပြောကြပြီ။ ငါသိသည်အတိုင်း သက်သေဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

24. နဟေလံရွာသား ရှေမာယကိုလည်း ပြောရမည်မှာ

25. ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငါ၏နာမကို အမှီပြု၍၊ ယဇ်ပုရောဟိတ်မာသေယသား ဇေဖနိအစရှိသော ယဇ်ပုရောဟိတ်များတို့နှင့် ယေရုရှလင်မြို့သား ရှိသမျှတို့ကို စာပေးလိုက်၍၊

26. သင်သည် ဗိမာန်တော်၌ လူစောင့်ကို ခန့်ထားသဖြင့်၊ ပရောဖက် လုပ်သော အရူးရှိသမျှကို ထောင်ထဲမှာလှောင်၍ ထိတ်ခတ်စေခြင်းငှာ၊ ထာဝရဘုရားသည် ယဇ်ပုရောဟိတ် ယောယဒ၏ကိုယ်စား သင့်ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားတော်မူ၏။

27. သို့ဖြစ်၍၊ သင်တို့တွင် ပရောဖက်လုပ်သော အာနသုတ်ရွာသား ယေရမိကို အဘယ်ကြောင့် မဆုံးမသနည်း။

28. သူကလည်း၊ ဤအမှုကြာလိမ့်မည်။ အိမ်တို့ကို ဆောက်၍ နေရာချကြလော့။ ဥယျာဉ်တို့ကို စိုက်ပျိုး၍ အသီးကို စားကြလော့ဟု၊ ဗာဗုလုန်မြို့၌နေသော ငါတို့ကို မှာလိုက်ပါပြီတကားဟု၊

29. ရှေမာယပေးလိုက်သောစာကို ယဇ်ပုရောဟိတ် ဇေဖနိသည် ပရောဖက် ယေရမိရှေ့မှာ ဘတ်လေ၏။

30. ထိုအခါ နဟေလံရွာသား ရှေမာယကို ရည်မှတ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါမလွှတ်ဘဲ ရှေမာယသည် သင်တို့အား ပရောဖက်ပြု၍ မုသာ၌ ခိုလှုံစေသောကြောင့်၊

31-32. ထာဝရဘုရား မိန့်တော်မူသည်ကား၊ နဟေလံရွာသား ရှေမာယနှင့် သူ၏အမျိုးကို ငါသည် ဒဏ်ပေးမည်။ ဤအမျိုးသားတို့တွင်၊ သူ၏လူတယောက်မျှ နေရသောအခွင့်မရှိရ။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူသည် ထာဝရဘုရားကို ပုန်ကန်စေခြင်းငှာ သွန်သင်သောကြောင့်၊ ငါ၏လူမျိုး၌ ငါပြုလတံ့သောကျေးဇူးကို သူသည် မမြင်ရဟု၊ သိမ်းသွားခြင်းကို ခံရသောသူအပေါင်းတို့ကို စာပေးလိုက်ရမည်အကြောင်း ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍ မှာထားတော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 29