ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 27:3-16 Judson Bible (BJB)

3. ယုဒရှင်ဘုရင်ဇေဒကိထံ၊ ယေရုရှလင်မြို့သို့ ရောက်လာသော သံတမန်တို့တွင်၊ ထိုကြိုးနှင့် ထမ်းဘိုးတို့ကို ဧဒုံမင်း၊ မောဘမင်း၊ အမ္မုန်မင်း၊ တုရုမင်း၊ ဇိဒုန်မင်းသို့ ပေးလိုက်လော့။

4. ထိုသံတမန်တို့အားလည်း၊ သင်တို့သည် သင်တို့ အရှင်များတို့အား ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊

5. ငါသည် မဟာတန်ခိုးနှင့်လက်ရုံးကို ဆန့်လျက် မြေကြီးကို၎င်း၊ မြေကြီးပေါ်မှာရှိသော လူနှင့် တိရစ္ဆာန်တို့ကို၎င်း ဖန်ဆင်းသည်ဖြစ်၍၊ ငါသည် ပေးလိုသောသူတို့အား ပေး၏။

6. ယခုမှာ ဤပြည်ရှိသမျှတို့ကို ငါ့ကျွန်ဗာဗုလုန် ရှင်ဘုရင်၊ နေဗုခဒ်နေဇာလက်သို့ ငါအပ်ပေးပြီ။ သူစေစားဘို့ရာ တောတိရစ္ဆာန်များကိုလည်း ငါပေးပြီ။

7. သူ၏နိုင်ငံ ဆုံးချိန်မရောက်မှီတိုင်အောင်၊ ဤ ပြည်သားအပေါင်းတို့သည် သူ၏အမှုနှင့် သူ၏သားမြေး အမှုကို ဆောင်ရွက်ရကြမည်။ ထိုအချိန်ရောက်မှ၊ များစွာသော လူမျိုးတို့နှင့် ကြီးသောရှင်ဘုရင်တို့သည် သူ့ကို စေစားကြလိမ့်မည်။

8. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ၏ အစေကိုမခံ၊ သူ၏ထမ်းဘိုးကို မထမ်းလိုသော တိုင်းနိုင်ငံရှိသမျှကို၊ သူ၏လက်၌ ဆုံးရှုံးစေခြင်းငှါ၊ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် ငါအပြစ်ပေးမည်။

9. သို့ဖြစ်၍၊ သင်တို့သည် ဗာဗုလုန် ရှင်ဘုရင်၏ အစေကို မခံရဟု၊ သင်တို့အားပြောတတ်သော ပရောဖက်၊ အနာဂတ်ဆရာ၊ အိပ်မက်မြင်သောဆရာ၊ နတ်ဝိဇ္ဇာဆရာ၊ ပြုစားတတ်သော ဆရာတို့၏ စကားကို နားမထောင်ကြနှင့်။

10. ထိုသူတို့သည် သင်တို့ကို သင်တို့ပြည်မှ အဝေးသို့ ရွှေ့သွားစေခြင်းငှါ၊ သင်တို့ကို ငါနှင်ထုတ်၍ ဆုံးရှုံးစေခြင်းငှါ၎င်း မုသာစကားကို ဟောပြောတတ်ကြ၏။

11. ဗာဗုလုန်ရှင်ဘုရင်၏ ထမ်းဘိုးထမ်း၍၊ သူ၏ အစေကိုခံသော လူမျိုးတို့အား၊ မိမိတို့ပြည်၌နေရသော အခွင့်ကို ငါပေးသဖြင့်၊ သူတို့သည် မိမိတို့မြေ၌လုပ်၍ နေရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

12. ထိုစကားတော်ရှိသမျှကို ငါပြန်၍ ယုဒ ရှင်ဘုရင်ဇေဒကိအား လျှောက်ဆိုသည်ကား၊ ဗာဗုလုန် ရှင်ဘုရင်၏ ထမ်းဘိုးကိုထမ်း၍၊ သူနှင့် သူ၏လူများ အစေကို ခံလျက်၊ အသက်ချမ်းသာပါလော့။

13. ဗာဗုလုန်ရှင်ဘုရင်၏ အစေကိုမခံသော လူမျိုးကို ထာဝရဘုရား ရည်မှတ်၍ မိန့်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် ကိုယ်တော်၏ လူတို့သည် ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် အဘယ်ကြောင့် သေရပါမည်နည်း။

14. သင်တို့သည် ဗာဗုလုန် ရှင်ဘုရင်၏ အစေကို မခံရဟု၊ သင်တို့အား ဟောပြောသောပရောဖက်တို့၏ စကားကို နားမထောင်ကြနှင့်။ သူတို့သည် မုသာစကားကို ဟောပြောတတ်ကြ၏။

15. ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့နှင့် သင်တို့အား ဟောပြောသော ပရောဖက်တို့ကို ငါနှင်ထုတ်၍ ဆုံးရှုံးစေခြင်းငှါ၊ ငါမစေလွှတ်ဘဲ သူတို့သည် ငါ့နာမကို အမှီပြု၍ မုသာစကားကို ဟောပြောတတ်ကြ၏။

16. ယဇ်ပုရောဟိတ်တို့နှင့် လူအပေါင်းတို့အားလည်း၊ ထာဝရဘုရား၏ အမိန့်တော်ကို ငါပြန်ပြောသည်ကား၊ ကာလမကြာမမြင့်မှီ၊ ဗိမာန်တော် တန်ဆာတို့ကို ဗာဗုလုန်မြို့မှ တဖန် ဆောင်ခဲ့လိမ့်မည်ဟု သင်တို့အား ဟောပြောသော ပရောဖက်တို့၏ စကားကို နားမထောင်ကြနှင့်။ သူတို့သည် မုသာစကားကို ဟောပြောတတ်ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 27