ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 26:7-24 Judson Bible (BJB)

7. ထိုစကားကို ဗိမာန်တော်၌ ယေရမိ ဟောပြောသည်ကို ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ လူများ အပေါင်းတို့သည် ကြားကြ၏။

8. လူများအပေါင်းတို့အား ဆင့်ဆိုစေခြင်းငှါ၊ ထာဝရဘုရား မှာထားတော်မူသမျှသော စကားတော်ကို အကုန်အစင် ဟောပြောပြီးမှ၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ လူများအပေါင်းတို့သည် ယေရမိကို ဘမ်းဆီး၍၊ သင်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။

9. ဤအိမ်တော်သည် ရှိလောရွာကဲ့သို့ ဖြစ်လိမ့်မည်။ ဤမြို့သည် လူမရှိ၊ ဆိတ်ညံရာအရပ်ဖြစ်လိမ့်မည် ဟု သင်သည် ထာဝရဘုရား၏နာမတော်ကို အမှီပြု၍ အဘယ်ကြောင့် ဟောသနည်းဟုပြောဆိုလျက်၊ လူများ အပေါင်းတို့သည် ဗိမာန်တော်တွင် ယေရမိတဘက်၌ စုဝေးကြ၏။

10. ယုဒမှူးမတ်တို့သည် ထိုအမှုကို ကြားသိသောအခါ၊ နန်းတော်မှ ဗိမာန်တော်သို့လာ၍၊ ဗိမာန်တော် တံခါးသစ်အတွင်း၌ ထိုင်ကြ၏။

11. ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့က၊ ဤသူသည် အသေခံထိုက်ပေ၏။ သင်တို့သည် ကိုယ်နားနှင့် ကြားသည်အတိုင်း၊ ဤမြို့ကို ဆန့်ကျင်ဘက်ပြု၍ ဟောပြောပါပြီတကားဟု မှူးမတ်အစရှိသော လူများ အပေါင်းတို့အား ပြောဆိုကြ၏။

12. ယေရမိကလည်း၊ သင်တို့ကြားသမျှအတိုင်း၊ ဤအိမ်တော်နှင့် ဤမြို့တော်ကို ဆန့်ကျင်ဘက်ပြု၍ ဟောပြောစေခြင်းငှါ၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ်တော်မူပြီ။

13. ယခုမှာသင်တို့၏ ကျင့်ကြံပြုမူခြင်းတို့ကို ပြောင်းလဲကြလော့။ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်ကြလော့။ သို့ပြုလျှင်၊ ထာဝရဘုရားသည် သင်တို့၌ ဘေးဥပဒ်ရောက်စေမည်ဟု ခြိမ်းတော်မူသော်လည်း၊ တဖန် နောင်တရတော်မူလိမ့်မည်။

14. ငါမူကား၊ သင်တို့လက်၌ရှိပါ၏။ သင်တို့စိတ်၌ ဖြောင့်မတ်လျောက်ပတ်သည်ဟု ထင်သည်အတိုင်း၊ ငါ့ကို ပြုကြလော့။

15. သို့ရာတွင်၊ ငါ့ကို သတ်လျှင်အပြစ်မရှိသော အသွေးကို သင်တို့သည် ကိုယ်အပေါ်သို့၎င်း၊ ဤမြို့နှင့် မြို့သားတို့အပေါ်သို့၎င်း၊ စင်စစ်ရောက်စေလိမ့်မည်ဟု ဧကန်အမှန် သိမှတ်ကြလော့။ ဤစကား အလုံးစုံတို့ကို သင်တို့အား ကြားပြောမည်အကြောင်း၊ ထာဝရဘုရားသည် ငါ့ကို စင်စစ်စေလွှတ်တော်မူပြီဟု မှူးမတ်အစရှိသော လူများအပေါင်းတို့အား ပြောဆိုလေ၏။

16. ထိုအခါမှူးမတ်အစရှိသော လူများအပေါင်းတို့က၊ ဤသူသည် အသေခံထိုက်သည်မဟုတ်။ ငါတို့ ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍၊ ငါတို့အား ဟောပြောလေပြီဟု ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့အား ပြောဆိုကြ၏။

17. ပြည်သားအသက်ကြီးသူ အချို့ကလည်း၊

18. ယုဒရှင်ဘုရင် ဟေဇကိလက်ထက်၊ မေရရှရွာ သားမိက္ခာသည် ပရောဖက်ပြုလျက်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်တောင်သည် လယ်ကဲ့သို့ ထွန်ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း၊ မြေပုံများဖြစ်လိမ့်မည်။ ဗိမာန်တော်တောင်သည်လည်း၊ တောတောင်ကဲ့သို့ ဖြစ်လိမ့်မည်ဟု ယုဒပြည်သားအပေါင်းတို့အား ဟောပြော၏။

19. ထိုအခါ ယုဒပြည်သားအပေါင်းတို့နှင့်တကွ၊ ယုဒရှင်ဘုရင် ဟေဇကိသည် ထိုပရောဖက်ကို သတ်သလော။ ထိုမင်းသည် ထာဝရဘုရားကို ကြောက်ရွံသည် မဟုတ်လော။ ရှေ့တော်၌ တောင်းပန်သည် မဟုတ်လော။ ထာဝရဘုရားသည် သူတို့၌ ဘေးဥပဒ်ကို ရောက်စေမည် ဟု ခြိမ်းတော်မူသော်လည်း၊ တဖန်နောင်တရတော်မူ သည် မဟုတ်လော။ ငါတို့မူကား၊ ကိုယ်အကျိုးကို ဖျက်ဆီးခြင်းငှါ ပြုကြသည်တကားဟု စည်းဝေးသောသူ အပေါင်းတို့အား ပြောဆိုကြ၏။

20. ကိရယတ်ယာရိမ်မြို့နေ၊ ရှေမာယ၏သား ဥရိယသည်လည်း၊ ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍၊ ထိုမြို့နှင့် ထိုပြည်တဘက်၌ ပရောဖက်ပြု၍၊ ယေရမိ ဟောပြောသောစကားနှင့် တညီတည်းဟောပြော၏။

21. ယောယကိမ် မင်းကြီးနှင့် မင်းများ၊ မှူးမတ်များ အပေါင်းတို့သည် ထိုပရောဖက်၏ စကားကို ကြားသောအခါ၊ သူ့ကို သတ်အံ့သောငှါ မင်းကြီးသည် ရှာကြံ၏။ ထိုသိတင်းကိုကြားလျှင်၊ ဥရိယသည်ကြောက်၍၊ အဲဂုတ္တု ပြည်သို့ ပြေးသွားလေ၏။

22. ယောယကိမ်မင်းကြီးသည် အာခဗော်သား ဧလနာသန်နှင့်တကွ လူအချို့တို့ကို အဲဂုတ္တုပြည်သို့ စေလွှတ်၍၊

23. ထိုသူတို့သည် ဥရိယကို အဲဂုတ္တုပြည်မှ ယောယကိမ်မင်းထံသို့ ပို့ဆောင်သဖြင့်၊ မင်းကြီးသည် ဥရိယကို ထားနှင့် သတ်၍၊ အသေကောင်ကို ဆင်းရဲသားတို့၏ သခင်္ျိုင်း၌ ပစ်ထားလေ၏။

24. သို့သော်လည်း၊ ရှာဖန်သားအဟိကံသည် ယေရမိကို မစသောကြောင့်၊ အသေခံစေခြင်းငှါ လူများတို့ လက်သို့မအပ်ရ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 26