အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 25 Judson Bible (BJB)

1. ယုဒရှင်ဘုရင် ယောရှိမင်းကြီးသား ယောယ ကိမ်နန်းစံ စတုတ္ထနှစ်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံ ပဌမနှစ်တွင်၊ ယုဒပြည်သားအပေါင်းတို့ကို ရည်မှတ်၍၊ ယေရမိသို့ ရောက်လာသော နှုတ်ကပတ်တော်ကို၊

2. ယုဒပြည်သူ၊ ယေရုရှလင်မြို့သားအပေါင်းတို့အား၊ ယေရမိဆင့်ဆိုဟောပြောရသည်ကား၊

3. ယုဒရှင်ဘုရင် အာမုန်သား ယောရှိနန်းစံ ဆယ်သုံးနှစ်မှစ၍ ယခုတိုင်အောင်၊ အနှစ်နှစ်ဆယ်သုံးနှစ်ပတ်လုံး ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်အတိုင်း၊ ငါသည် စောစောထ၍ အမိန့်တော်ကို အထပ်ထပ်ဆင့်ဆိုသော်လည်း၊ သင်တို့သည် နားမထောင်ဘဲ နေကြ၏။

4. ထာဝရဘုရားသည်လည်း၊ စောစောထ၍ မိမိကျွန် ပရောဖက်အပေါင်းတို့ကို၊ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်တော်မူသော်လည်း၊ သင်တို့သည် နားမထောင်ကြ။ အမိန့်တော်ကို ကြားခြင်းငှါ နားကို မလှည့်ဘဲ နေကြ၏။

5. ထိုပရောဖက်တို့က၊ သင်တို့အသီးအသီး လိုက်သောလမ်းဆိုးနှင့် အကျင့်ဆိုးများကို ပယ်ရှား၍၊ သင်တို့နှင့် ဘိုးဘေးတို့အား ထာဝရဘုရားသည် အမြဲပေးတော်မူသော ပြည်၌ နေကြလော့။

6. အခြားတပါးသော ဘုရားနောက်သို့ လိုက်၍ ဝတ်မပြု၊ မကိုးကွယ်ကြနှင့်။ ကိုယ်လက်နှင့် လုပ်သော အရာများအားဖြင့်၊ ငါ၏အမျက်ကို မထွက်စေကြနှင့်။ ငါသည်လည်း၊ သင်တို့ကို မညှဉ်းဆဲဟု ဆင့်ဆိုကြ၏။

7. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသို့ ဆင့်ဆိုကြသော်လည်း၊ သင်တို့သည် ကိုယ်၌အကျိုးနည်း ဖြစ်စေခြင်းငှါ၊ ကိုယ်လက်နှင့် လုပ်သောအရာများအားဖြင့်၊ ငါ၏အမျက်ကို ထွက်စေသော အခွင့်ရှိမည်အကြောင်း၊ ငါ့စကားကို နားမထောင်ဘဲနေကြပြီ။

8. ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့စကားကို နားမထောင်သောကြောင့်၊

9. ဤပြည်နှင့် ပြည်သားများကို၎င်း၊ ပတ်ဝန်းကျင်၌ရှိသော လူအမျိုးမျိုးတို့ကို၎င်း စစ်တိုက်စေခြင်းငှါ၊ ငါ၏ ကျွန်ဗာဗုလုန် ရှင်ဘုရင်နေဗုခဒ်နေဇာအစရှိသော မြောက်ပြည်သား အမျိုးမျိုးအပေါင်းတို့ကို ငါမှာလိုက်၍ ဆောင်ခဲ့ပြီးလျှင်၊ ရှင်းရှင်းဖျက်ဆီး၍၊ ဤပြည်သားတို့ကို အံ့ဩဘွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ အစဉ်အမြဲ လူဆိတ်ညံရာ ဖြစ်စေမည်။

10. ဤသူတို့တွင် ဝမ်းမြောက်သော အသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင်သတို့သား၏အသံ၊ သတို့သမီး ၏အသံ၊ ကြိတ်ဆုံသံနှင့် မီးခွက်အလင်းကို ငါကွယ်ပျောက်စေမည်။

11. ဤပြည်တရှောက်လုံးသည် လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာ ဖြစ်လိမ့်မည်။ ဤလူမျိုးတို့သည် အနှစ်ခုနစ်ဆယ်ပတ်လုံး ဗာဗုလုန်ရှင်ဘုရင်၏ အမှုကို ဆောင်ရွက်ရကြလိမ့်မည်။

12. ထာဝရဘုရားမိန့်တော်မူသည်ကား၊ အနှစ်ခုနစ်ဆယ်စေ့သောအခါ၊ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ၏ နိုင်ငံတည်းဟူသော ခါလဒဲတိုင်းနိုင်ငံ၏ အပြစ်ကြောင့်၊ ငါသည် သူတို့ကို ဒဏ်ပေး၍၊ ထိုနိုင်ငံကို အစဉ်အမြဲ လူဆိတ်ညံရာအရပ် ဖြစ်စေမည်။

13. ငါခြိမ်းသောစကားများတည်းဟူသော ယေရမိသည် ခပ်သိမ်းသော တိုင်းနိုင်ငံတို့တဘက်၌ ဟောပြော၍၊ ဤစာ၌ရေးထားသော စကားရှိသမျှတို့ကို ခါလဒဲ တိုင်းနိုင်ငံအပေါ်မှာ ငါသက်ရောက်စေမည်။

14. များစွာသော လူမျိုးတို့နှင့် ကြီးသော ရှင်ဘုရင်တို့သည် ခါလဒဲပြည်သားတို့ကို စေစားကြလိမ့်မည်။ သူတို့ ကျင့်သောအကျင့်၊ သူတို့ကိုယ်တိုင်ပြုသောအမှုနှင့် အလျောက်၊ အကျိုးအပြစ်ကို ငါဆပ်ပေးမည်။

15. ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားကလည်း၊ အမျက်တော်စပျစ်ရည်ဖလားကို ငါ့လက်မှ မခံယူ လော့။ ငါသည်သင့်ကို စေလွှတ်သော လူမျိုးအပေါင်းတို့ကို သောက်စေလော့။

16. သူတို့အလယ်သို့ ငါစေလွှတ်သောထားကြောင့် သူတို့သည် သောက်၍ ယစ်မူးတိမ်းယိမ်းခြင်းသို့ ရောက်ကြလိမ့်မည်ဟု ငါ့အား မိန့်တော်မူသည်အတိုင်း၊

17. ငါသည် ထာဝရဘုရား၏ လက်တော်မှ ထိုဖလားကိုခံယူ၍၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ်တော်မူသော လူမျိုးအပေါင်းတို့ကို သောက်စေ၏။

18. ထိုလူမျိုးများဟူမူကား၊ ယနေ့ရှိသည်အတိုင်း လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ ကျိန်ဆဲရာ ဖြစ်စေခြင်းငှါ၊ သောက်ရသော ယေရုရှလင်မြို့သူ၊ ယုဒပြည်သား၊ ယုဒရှင်ဘုရင်များ၊ မှူးမတ်များ၊

19. အဲဂုတ္တုပြည်ကို အစိုးရသော ဖာရောဘုရင် အစရှိသောသူ၏ ကျွန်၊ မှူးမတ်၊ ပြည်သူပြည်သား၊ သူတို့နှင့် ရောနှောသော တပါးအမျိုးသားရှိသမျှ၊

20. ဥဇမင်းအပေါင်း၊ ဖိလိတ္တိမင်းအပေါင်း၊ အာရှကေလုန်ပြည်သား၊ ဂါဇပြည်သား၊ ဧကြုန်ပြည်သား၊ ကျန်ကြွင်းသော အာဇုတ်ပြည်သား၊

21. ဧဒုံပြည်သား၊ မောဘပြည်သား၊ အမ္မုန်ပြည်သား၊

22. တုရုမင်းအပေါင်း၊ ဇိဒုန်မင်းအပေါင်း၊ ပင်လယ် တဘက်၌ အစိုးရသောမင်းများ၊

23. ဒေဓန်ပြည်သား၊ တေမပြည်သား၊ ဗုဇပြည်သား၊ ပါးမုန်းကို ရိတ်တတ်သော ပြည်သားရှိသမျှ၊

24. အာရပ်မင်းအပေါင်း၊ တော၌နေ၍ အမျိုးမစစ်သော လူများကို အစိုးရသော မင်းအပေါင်း၊

25. ဇိမရိမင်းအပေါင်း၊ ဧလံမင်းအပေါင်း၊ မေဒိမင်း အပေါင်း၊

26. တပါးနှင့်တပါးနီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ၊ မြောက်ပြည်မင်းရှိသမျှတို့နှင့်၊ မြေကြီးတပြင်လုံး၌ ရှိသမျှ သော လောကီနိုင်ငံ အပေါင်းပါကြသတည်း။ နောက်ဆုံး၌ ရှေရှက်ရှင်ဘုရင်သောက်ရမည်။

27. သင်တို့အလယ်သို့ ငါစေလွှတ်သော ထားကြောင့် သောက်၍ ယစ်မူးကြ။ အော့အန်ကြ၊ လဲကြ၊ နောက်တဖန် မထကြနှင့်ဟု ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့အား ဆင့်ဆိုလော့။

28. သူတို့သည် သောက်ခြင်းငှါ ထိုဖလားကို သင်၏ လက်မှမခံ၊ ငြင်းပယ်လျှင်လည်း၊ စင်စစ်သောက်ရကြ မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့အား ပြန်ပြောလော့။

29. အကြောင်းမူကား၊ ငါ၏နာမဖြင့် သမုတ်သော မြို့ကို ငါသည် အပြစ်ပေးစပြုလျှင်၊ သင်တို့သည် ဒဏ် အလျှင်းမခံဘဲ နေရကြမည်လော။ ဒဏ်မခံဘဲမနေရကြ။ ငါသည် မြေကြီးသားရှိသမျှတို့အဘို့ ထားကို မှာလိုက်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။

30. ထိုကြောင့်၊ သင်သည် ပရောဖက်ပြုလျက် သူတို့အား ဟောပြောရသောစကားများဟူမူကား၊ ထာဝရ ဘုရားသည် မြင့်သောအရပ်က ကြွေးကြော်တော်မူမည်။ သန့်ရှင်းသော ဘုံဗိမာန်တော်က အသံကို လွှင့်တော်မူမည်။ ကျိန်းဝပ်တော်မူရာအရပ်ဌာန တဘက်၌ ပြင်းစွာ ကြွေးကြော်တော်မူမည်။ စပျစ်သီးကို နင်းနယ် သောသူများ အော်ဟစ်သကဲ့သို့၊ မြေကြီးသားများ တဘက်၌ အော်ဟစ်တော်မူမည်။

31. မြေကြီးစွန်းတိုင်အောင် အသံနှံ့ပြားလိမ့်မည်။ ထာဝရဘုရားသည် လူအမျိုးမျိုးတို့နှင့် တရားတွေ့စရာ အကြောင်းရှိ၍၊ ခပ်သိမ်းသော သတ္တဝါတို့ကို အမှုလုပ်တော်မူမည်။ ဆိုးသောသူတို့ကို ထားနှင့်ကွပ်မျက်စေခြင်းငှါ အပ်တော်မူမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

32. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဘေးသည် တပြည်မှတပြည်သို့ ကူးသွားလိမ့်မည်။ မြေကြီးအစွန်းအနားတို့မှ ပြင်းစွာသော လေဘွေသည် ထလိမ့်မည်။

33. ထိုအခါ ထာဝရဘုရား ကွပ်မျက်တော်မူခြင်းကို ခံရသော သူတို့သည် မြေကြီးတဘက်မှတဘက် တိုင်အောင် နှံ့ပြားကြလိမ့်မည်။ သူတို့ကို မမြည်တမ်းရ။ မစုမပုံရ။ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ကြလိမ့်မည်။

34. အို သိုးထိန်းတို့၊ ငိုကြွေးအော်ဟစ်ကြလော့။ အို သိုးကြီးသိုးမြတ်တို့၊ ပြာ၌လူးလည်းလျက်နေကြလော့။ သင်တို့ကို သတ်ရသော အချိန်ရောက်လေပြီ။ အရပ်ရပ် သို့ ငါမောင်းသဖြင့်၊ သင်တို့သည် အဘိုးထိုက်သော တန်ဆာကျသကဲ့သို့ ဖြစ်ရကြလိမ့်မည်။

35. သိုးထိန်းတို့သည် ပြေးစရာလမ်းမရှိ။ သိုးကြီး သိုးမြတ်တို့သည် လွတ်ရာလမ်းကို ရှာ၍ မတွေ့ရကြ။

36. သိုးထိန်းများ ငိုကြွေးသံနှင့် သိုးကြီး သိုးမြတ်များ မြည်သံကိုကြားရ၏။ အကြောင်းမူကား၊ ထာဝရဘုရား သည် သူတို့ကျက်စားရာအရပ်ကို ဖျက်ဆီးတော်မူ၏။

37. ထာဝရဘုရား သည်ပြင်းစွာအမျက်ထွက်တော်မူသောအားဖြင့် ငြိမ်ဝပ်စွာ နေရာအရပ်တို့ သည်လည်း ပယ်ရှင်းဖျက်ဆီးခြင်းကို ခံရကြ၏။

38. ခြင်္သေ့ဘာသာဓလေ့၊ နေတော်မူရာခြုံကို စွန့်ထွက်တော်မူပြီ။ ညှဉ်းဆဲသော သူ၏ပြင်းထန်ခြင်း၊ ပြင်းစွာ အမျက်ထွက်ခြင်းအားဖြင့်၊ သူတို့ ပြသည် လူဆိတ်ညံရာအရပ်ဖြစ်ရ၏။