ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 23:3-13 Judson Bible (BJB)

3. တဖန်မိန့်တော်မူသည်ကား၊ ငါ၏သိုးစုကို ငါနှင်ထုတ်သော ပြည်ရှိသမျှတို့၌ ကျန်ကြွင်းသော သိုးတို့ကို ငါစုဝေး၍၊ နေရင်းသိုးခြံသို့ တဖန်ငါဆောင်ခဲ့ ဦးမည်။ သူတို့သည်လည်း၊ သားဘွား၍ များပြားကြလိမ့်မည်။

4. သူတို့ကို ကျွေးမွေးသော သိုးထိန်းတို့ကို သူတို့ အပေါ်မှာ ငါခန့်ထားသဖြင့်၊ သူတို့သည် နောက်တဖန် ကြောက်ခြင်း၊ ထိတ်လန့်ခြင်းမရှိရကြ။ ဆုံးမခြင်းကိုလည်း မခံရကြဟု ထာဝရဘုရား မိန့်တော်မူ၏။

5. ထာဝရဘုရား မိန့်တော်မူသည်ကား၊ သန့်ရှင်းသော အညွန့်ကို ဒါဝိဒ်အဘို့ ငါပေါက်စေသည်အတိုင်း၊ ဥာဏ်ကောင်းသောရှင်ဘုရင်တဦးသည် စိုးစံ၍၊ မြေကြီးပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာ စီရင်ရာ ကာလသည် ရောက်လိမ့်မည်။

6. ထိုမင်းလက်ထက်၌ ယုဒပြည်သည် ကယ်တင်ခြင်းသို့ရောက်၍၊ ဣသရေလပြည်လည်း ငြိမ်ဝပ်စွာ နေရ လိမ့်မည်။ ထိုမင်းသည် ယေဟောဝါဇေဒကနုဟူသော ဘွဲ့နာမရှိလိမ့်သတည်း။

7. သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော ထာဝရဘုရားအသက်ရှင်တော်မူသည်ဟူ၍ မကျိန်ဆိုဘဲ၊

8. ဣသရေလအမျိုးသား အစဉ်အဆက်တို့ကို မြောက်ပြည်မှစ၍၊ နှင့်ထုတ်ဘူးသော ပြည်ရှိသမျှတို့မှ ပို့ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည် ဟူ၍ ကျိန်ဆိုရသောကာလသည် နောက်တဖန် ရောက်လိမ့်မည်။ သူတို့သည် နေရင်းပြည်၌ တဖန် နေရကြလိမ့်မည်။

9. ပရောဖက်များနှင့် ဆိုင်သော စကားဟူမူကား၊ ထာဝရဘုရားကြောင့်၎င်း၊ သန့်ရှင်းသောစကားတော်ကြောင့်၎င်း ငါ့စိတ်ပျက်လျက်ရှိ၏။ ငါ့အရိုးရှိသမျှတို့သည် လှုပ်ရှားကြ၏။ ယစ်မူးသောသူနှင့် စပျစ်ရည်နိုင်သော သူကဲ့သို့ ငါဖြစ်၏။

10. အကြောင်းမူကား၊ မတရားသော မေထုန်၌မှီဝဲသောသူတို့သည် တပြည်လုံး၌ အနှံ့အပြားရှိကြ၏။ ထိုသူတို့ကြောင့် တပြည်လုံးမြည်တမ်းရ၏။ တော၌ ကျက်စားရာအရပ်တို့သည် သွေ့ခြောက်ကြ၏။ ပြည်သားများ လိုက်သောလမ်းသည် မဖြောင့်၊ သူတို့အစွမ်းသတ္တိသည် တရားဘက်၌ မနေတတ်။

11. ပရောဖက်နှင့်ယဇ်ပုရောဟိတ်နှစ်ပါးတို့သည် ဘုရားကို မရိုမသေပြုကြပြီ။ ငါ့အိမ်၌ပင် သူတို့ပြုသော အဓမ္မအမှုကို ငါတွေ့ပြီဟု ထာဝရဘုရား မိန့်တော်မူ၏။

12. ထိုကြောင့်၊ သူတို့သွားသောလမ်းသည် မှောင်မိုက်၌ ချောတတ်သော လမ်းကဲ့သို့ဖြစ်၍၊ သူတို့သည် တွန်းတိုးခြင်းကို ခံရ၍ လဲကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ဆုံးမခြင်းကို ခံရသော ကာလ၌ သူတို့အပေါ်မှာ ဘေးဥပဒ်ကို သင့်ရောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

13. ရှမာရိပြည်သား ပရောဖက်တို့၌လည်း၊ မိုက်သောသဘောကို ငါမြင်ပြီ။ သူတို့သည် ဗာလဘုရားကို မှီဝဲ၍ ပရောဖက်ပြုသဖြင့်၊ ငါ၏လူ ဣသရေလ အမျိုးသားတို့ကို မှားယွင်းစေကြပြီ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 23