ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 23:18-29 Judson Bible (BJB)

18. ထိုသူတို့တွင် အဘယ်သူသည် ထာဝရဘုရားနှင့် တိုင်ပင်ဘက်ပြုသနည်း။ အဘယ်သူသည် အမှုတော်ကို ကြားမြင်သနည်း။ အဘယ်သူသည် နှုတ်ကပတ်တော်ကို နားထောင်၍ ကြားသနည်း။

19. ထာဝရဘုရား၏ လေဘွေတော်သည် ပူသော အရှိန်နှင့်ထွက်၏။ ပြင်းစွာသော လေဘွေဖြစ်၍၊ မတရားသော သူတို့ခေါင်းပေါ်မှာ ပြင်းစွာ တိုက်လိမ့်မည်။

20. ထာဝရဘုရားသည် လက်စသတ်၍၊ အကြံအစည်တော်ကို ပြည့်စုံစေတော်မမူမှီ အမျက်တော် မငြိမ်းရ။ နောက်ကာလ၌ သင်တို့သည် ရှင်းလင်းစွာ နားလည်ကြလိမ့်မည်။

21. ငါမစေလွှတ်ဘဲ ထိုပရောဖက်တို့သည် ပြေးကြပြီ။ ငါမမှာထားဘဲ သူတို့သည် ကိုယ်အလိုအလျောက် ဟောပြောကြပြီ။

22. ထိုသူတို့သည် ငါနှင့် တိုင်ပင်ဘက်ပြုလျှင်၊ ငါ့စကားကို ငါ၏ လူမျိုးအားဆင့်ဆို၍၊ ငါ၏လူမျိုးကို မတရားသောလမ်းမှ၎င်း၊ မကောင်းသောအကျင့်ဓလေ့မှ၎င်း လွဲသွားစေကြပြီ။

23. ငါသည်နီးသော အရပ်၌သာ ဘုရားဖြစ် သလော။ ဝေးသော အရပ်၌လည်း ဘုရားဖြစ်သည် မဟုတ်လောဟု ထာဝရဘုရား မေးတော်မူ၏။

24. ငါမမြင်စေခြင်းငှါ အဘယ်သူသည် မထင်ရှား သော အရပ်၌ ပုန်းရှောင်၍ နေနိုင်သနည်းဟု ထာဝရ ဘုရားမေးတော်မူ၏။ ငါသည် ကောင်းကင်မြေကြီးကို နှံ့ပြားသည် မဟုတ်လောဟု ထာဝရဘုရား မေးတော် မူ၏။

25. ငါသည် အိပ်မက်မြင်ပြီ၊ အိပ်မက်မြင်ပြီဟု၊ ငါ့နာမကို အမှီပြု၍၊ မုသာဖြင့် ဟောပြောသော ပရောဖက်တို့၏ စကားကို ငါကြားပြီ။

26. ထိုပရောဖက်တို့သည် အဘယ်မျှကာလပတ်လုံး ဤသို့ကြံစည် ကြလိမ့်မည်နည်း။ သူတို့သည် မုသာစကား ကို ဟောပြောတတ်ကြ၏။ ကိုယ်စိတ်နှလုံး လှည့်စားသည် အတိုင်း ဟောပြောတတ်ကြ၏။

27. ဘိုးဘေးတို့သည် ဗာလကြောင့် ငါ့နာမကို မေ့လျော့သကဲ့သို့၊ သူတို့သည် အိမ်နီးချင်းတယောက်ကို တယောက်ပြောတတ်သော အိပ်မက်များအားဖြင့် ငါ၏ လူမျိုးသည် ငါ့နာမကို မေ့လျော့စေမည်ဟု အကြံရှိကြ သည်တကား။

28. အိပ်မက်မြင်သော ပရောဖက်သည် အိပ်မက် စကားကို ပြောပါလေစေ။ ငါ၏နှုတ်ကပတ်တော်ကို ခံရ သော သူသည် နှုတ်ကပတ်စကားတော်ကို မှန်ကန်စွာ ဟောပြောပါလေစေ။ အဖျင်းသည်စပါးနှင့် အဘယ်သို့ ဆိုင်သနည်းဟု ထာဝရဘုရား မိန့်တော်မူ၏။

29. ငါ၏ နှုတ်ကပတ်တော်သည် မီးကဲ့သို့၎င်း၊ ကျောက်ကို ထုချေသောသံတူကဲ့သို့၎င်း ဖြစ်သည်မဟုတ် လောဟု ထာဝရဘုရား မေးတော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 23