ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 23:14-23 Judson Bible (BJB)

14. ယေရုရှလင်မြို့သား ပရောဖက်တို့၌လည်း၊ စက်ဆုပ်ရွံရှာဘွယ်သောသဘောကို ငါမြင်ပြီ။ သူတို့သည် မတရားသော မေထုန်၌မှီဝဲလျက်၊ မုသာကိုလည်း သုံးလျက်၊ အဓမ္မပြုသောသူတို့ကို အားပေးတတ်သဖြင့်၊ အဘယ်သူမျှမိမိပြုသော အဓမ္မအမှုကို မစွန့်။ ထိုသူ ရှိသမျှတို့သည် ငါ၌ သောဒုံမြို့သားကဲ့သို့၎င်း၊ ယေရုရှလင်မြို့သားတို့သည် ဂေါမောရမြို့သားကဲ့သို့၎င်း ဖြစ်ကြ၏။

15. ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ပရောဖက်တို့အမှု၌ မိန့်တော်မူသည်ကား၊ သူတို့ကို ဒေါနနှင့် ငါကျွေးမည်။ ဆေးခါးကိုလည်း သောက်စေမည်။ ယေရုရှလင်မြို့သား ပရောဖက်တို့သည် မူလအမြစ်ဖြစ်၍၊ အဓမ္မအမှုသည် တပြည်လုံးကို နှံ့ပြားလေပြီ။

16. ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပရောဖက်ပြု၍ သင်တို့အား ဟောတတ်သော ဆရာတို့၏ စကားကို နားမထောင်ကြနှင့်။ သူတို့သည် သင်တို့အား အချည်းနှီးဟောတတ်ကြ၏။ ထာဝရဘုရား၏ နှုတ်တော်ထွက်သို့မလိုက်၊ ကိုယ်အလိုအလျောက် ရူပါရုံကို မြင်သည်အတိုင်း ဟောပြောတတ်ကြ၏။

17. ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသော သူတို့အား၊ သင်တို့သည် ငြိမ်ဝပ်ခြင်းရှိကြလိမ့်မည်ဟု ဟောတတ်ကြ၏။ မိမိတို့စိတ်နှလုံးခိုင်မာခြင်း သဘောသို့လိုက်သော သူတို့အား၊ သင်တို့သည် ဘေးဥပဒ်နှင့် မတွေ့ရကြဟု ဟောတတ်ကြ၏။

18. ထိုသူတို့တွင် အဘယ်သူသည် ထာဝရဘုရားနှင့် တိုင်ပင်ဘက်ပြုသနည်း။ အဘယ်သူသည် အမှုတော်ကို ကြားမြင်သနည်း။ အဘယ်သူသည် နှုတ်ကပတ်တော်ကို နားထောင်၍ ကြားသနည်း။

19. ထာဝရဘုရား၏ လေဘွေတော်သည် ပူသော အရှိန်နှင့်ထွက်၏။ ပြင်းစွာသော လေဘွေဖြစ်၍၊ မတရားသော သူတို့ခေါင်းပေါ်မှာ ပြင်းစွာ တိုက်လိမ့်မည်။

20. ထာဝရဘုရားသည် လက်စသတ်၍၊ အကြံအစည်တော်ကို ပြည့်စုံစေတော်မမူမှီ အမျက်တော် မငြိမ်းရ။ နောက်ကာလ၌ သင်တို့သည် ရှင်းလင်းစွာ နားလည်ကြလိမ့်မည်။

21. ငါမစေလွှတ်ဘဲ ထိုပရောဖက်တို့သည် ပြေးကြပြီ။ ငါမမှာထားဘဲ သူတို့သည် ကိုယ်အလိုအလျောက် ဟောပြောကြပြီ။

22. ထိုသူတို့သည် ငါနှင့် တိုင်ပင်ဘက်ပြုလျှင်၊ ငါ့စကားကို ငါ၏ လူမျိုးအားဆင့်ဆို၍၊ ငါ၏လူမျိုးကို မတရားသောလမ်းမှ၎င်း၊ မကောင်းသောအကျင့်ဓလေ့မှ၎င်း လွဲသွားစေကြပြီ။

23. ငါသည်နီးသော အရပ်၌သာ ဘုရားဖြစ် သလော။ ဝေးသော အရပ်၌လည်း ဘုရားဖြစ်သည် မဟုတ်လောဟု ထာဝရဘုရား မေးတော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 23