ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 22:9-23 Judson Bible (BJB)

9. ဤ မြို့သားတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်ကို စွန့်ပစ်၍၊ အခြားတပါးသောဘုရားတို့ကို ဝတ်ပြုကိုးကွယ်ကြသောကြောင့်၊ ဤသို့ ပြုတော်မူသည်ဟု ပြန်ပြောကြလိမ့်မည်။

10. သေသောသူအတွက် ငိုကြွေးမြည်တမ်းခြင်းကို မပြုကြနှင့်။ အခြားတပါးသို့ သွားသောသူအတွက် ငိုကြွေးခြင်းကို ပြုကြလော့။ သူသည် နောက်တဖန်ပြန်၍မလာရ။ မိမိမွေးဘွားရာဌာနကို မမြင်ရ။

11. ခမည်းတော်ယောရှိမင်းကြီး အရာ၌စိုးစံ၍ ဤပြည်မှ ထွက်သွားသော ယုဒရှင်ဘုရင် ယောရှိမင်းကြီး၏ သားရှလ္လုံကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ထိုမင်းသည် နောက်တဖန် ဤပြည်သို့ ပြန်၍မလာရ။

12. ရန်သူတို့ သိမ်းသွားရာပြည်၌ပင် သေရလိမ့်မည်။ ဤပြည်ကို နောက်တဖန်မမြင်ရ။

13. မတရားသော အမှုအားဖြင့် မိမိအိမ်ကို၎င်း၊ အဓမ္မပြု၍ အထက်ခန်းတို့ကို၎င်း ဆောက်သောသူ၊ အိမ်နီးချင်းကိုအခမပေးဘဲ စေစား၍၊ အလုပ်လုပ်သည်အတွက် ဆုမချသောသူသည် အမင်္ဂလာရှိ၏။

14. ကြီးသောအိမ်၊ ကျယ်သောအထက်ခန်းတို့ကို ငါဆောက်မည်ဟု ဆိုလျက်၊ ပြတင်းပေါက်ကို ဖေါက်၍၊ အာရဇ်သစ်သားနှင့် မိုးပြီးမှ၊ ဟင်းသပြတားနှင့် ချယ်လှယ်ပြီတကား။

15. ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အာရဇ်သစ်သား၏ ဂုဏ်ကိုကိုးစားသောကြောင့် စိုးစံရမည်လော။ သင်၏ အဘသည်ဝစွာ စားသောက်ရသည် မဟုတ်လော။ တရားသဖြင့် စီရင်ဆုံးဖြတ်သည်မဟုတ်လော။ ထိုသို့ပြု၍ ကောင်းစားခြင်းရှိ၏။

16. သူသည် ဆင်းရဲငတ်မွတ်သော သူတို့အမှုကို စောင့်၍ တရားသဖြင့် စီရင်၏။ ထိုသို့ပြု၍ ကောင်းစားခြင်း ရှိ၏။ ငါ့ကိုသိသော အကျိုးမဟုတ်လော။

17. သင်၏ မျက်စိနှင့် သင်၏နှလုံးမူကား၊ လောဘလွန်ကျူးခြင်း၊ အပြစ်မရှိသောသူကို သတ်ခြင်း၊ ညှဉ်းဆဲ နှိပ်စက်ခြင်းမှတပါး၊ အဘယ်အမှုကိုမျှ မမှတ်တတ်။

18. ထိုကြောင့်၊ ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောရှိမင်းကြီး၏သား ယောယကိမ်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ထိုမင်းသေသောအခါ လူများတို့က၊ ဩ ငါ့အစ်ကို၊ ဩ ငါ့နှမ ဟူ၍ မငိုကြွေးရကြ။ သူ၏ အတွက်လည်း၊ ဩ သခင်၊ ဩ အရှင်မ၏ ဘုန်းဟူ၍ မမြည်တမ်းရကြ။

19. ယေရုရှလင်မြို့ပြင်သို့ ဆွဲသွား၍ ပစ်ထားသဖြင့်၊ မြည်းကို သင်္ဂြိုဟ်သကဲ့သို့ ထိုမင်းကို သင်္ဂြိုဟ်ရလိမ့်မည်။

20. လေဗနုန်တောင်ပေါ်သို့ တက်၍ ကြွေးကြော်လော့။ ဗာရှန်ပြည်၌ အော်ဟစ်လော့။ အာဗရိမ်အရပ်မှာ အသံကိုလွှင့်လော့။ အကြောင်းမူကား၊ သင်၏မိတ်ဆွေ အပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ။

21. သင်သည် ကောင်းစားသောအခါ ငါသတိပေး၏။ သင်က၊ ငါနားမထောင်ဟု ပြန်ပြော၏။ ငယ်သောအရွယ်မှစ၍ ငါ့စကားကို နားမထောင်ဘဲ နေမြဲရှိ၏။

22. သင့်ကို ကျွေးမွေးသော သူအပေါင်းတို့ကို လေသည် စားလိမ့်မည်။ သင်၏မိတ်ဆွေတို့ကို ရန်သူတို့ သည် သိမ်းသွားကြလိမ့်မည်။ ထိုအခါ သင်သည် ကိုယ်ပြုသမျှသော ဒုစရိုက်တို့ကြောင့် အမှန်ရှက်ကြောက်၍ စိတ်ပျက်ခြင်း ရှိလိမ့်မည်။

23. အာရဇ်ပင်တို့၌ အသိုက်လုပ်တတ်သော လေဗနုန်တောင်သား၊ သားဘွားခြင်းဝေဒနာကို မိန်းမ ခံရသကဲ့သို့၊ သင်သည်နာကျင်ခြင်းဝေဒနာကိုခံရသောအခါ၊ အဘယ်မျှလောက် သနားဘွယ်ဖြစ်လိမ့်မည်တကား။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 22